ထောင်ကျခံနေရတဲ့ ဘဲလာရုစ် အတိုက်အခံ ခေါင်းဆောင်နဲ့ တက်ကြွလှုပ်ရှားသူ မာရီယာ ကိုလက်စ်နီကိုဗာဟာ ကိုးကြိမ်မြောက် ဗားဆလက်ဟာဗဲ လူ့အခွင့်အရေးဆုကို စက်တင်ဘာ ၂၇ ရက်က ရရှိခဲ့ပါတယ်။
လူ့အခွင့်အရေးကို ခုခံကာကွယ်ရာမှာ လူ့အဖွဲ့အစည်းအတွင်း ထူးချွန်ပြောင်မြောက်အောင် ဆောင်ရွက်နိုင်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ပေးတာပါ။
စထရပ်စ်ဘာ့ဂ်မြို့မှာ ရှိတဲ့ ဥရောပကောင်စီ လွှတ်တော်အစည်းအဝေးအတွင်း ဆောင်းဦးစုံညီ အစည်းအဝေး ပထမနေ့မှာ စတာလင်ပေါင် ၆ သောင်းကို ဆုချလိုက်တာပါ။
ကိုလက်စ်နီကိုဗာရဲ့ ညီမဖြစ်သူက အစ်မကိုယ်စားဆုကို လက်ခံရယူခဲ့ပါတယ်။ စက်တင်ဘာလက ကိုလက်စ်နီကိုဗာဟာ သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်စီရင်ခံရလို့ အနောက်နိုင်ငံတွေက ဘဲလာရုစ်အစိုးရကို ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။
အသက် ၃၉ နှစ်အရွယ် ကိုလက်စ်နီကိုဗာဟာ မနှစ်က ဘဲလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို ကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲကို ဦးဆောင်သူတွေထဲက တယောက်ပါ။ သမ္မတဟာ ၂၇ နှစ်တာ အုပ်ချုပ်ရေးကို မနှစ်က အကြီးဆုံးဆန့်ကျင်တာ ခံခဲ့ရပါတယ်။
ဘဲလာရုစ်သမ္မတကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲ ခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ မာရီယာ ကိုလက်စ်နီကိုဗာဟာ တနင်္လာနေ့က ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် စီရင်ခံရတယ်လို့ ရုရှားအခြေစိုက် တက်စ်သတင်းဌာနနဲ့ ဘဲလာရုစ် အတိုက်အခံတွေက ပြောပါတယ်။
သူနဲ့ တခြား အကြီးတန်း အတိုက်အခံ ခေါင်းဆောင် မက်ဆင်မ်ဇက်နက်ခ်တို့ဟာ အစွန်းရောက်မှု၊ တရားမဝင်အာဏာသိမ်းဖို့ ကြိုးစားမှုတွေနဲ့ တရားစွဲခံထားရပြီး နှစ်ယောက်စလုံးကတော့ အမှားမလုပ်ထားဘူးလို့ ငြင်းပါတယ်။
ကိုလက်စ်နီကိုဗာကတော့ ဒီစွဲချက်တွေဟာ ယုတ္တိမရှိဘူးလို့ ပြောပါတယ်။ ဇက်နက်ခ်ကတော့ ထောင်ဒဏ် ဆယ်နှစ် ပြစ်ဒဏ် စီရင်ခံရပါတယ်။
အသက် ၃၉ နှစ်အရွယ် ကိုလက်စ်နီကိုဗာဟာ စက်တင်ဘာလက ယူကရိန်းနယ်စပ်မှာ သောင်တင်နေအပြီး ဘဲလာရုစ် လုံခြုံရေးတပ်တွေက သူ့ကို သူ့နိုင်ငံဆီ ပြန်မပို့နိုင်အောင် နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းအပြီးမှာမှ အဖမ်းခံရတာပါ။
ဂီတပညာရှင်ကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ ကိုလက်စ်နီကိုဗာဟာ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ အတွင်း လူထုဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ မျက်နှာစာတဖက် ဖြစ်လာခဲ့ပါတယ်။
၂၀၂၀ သမ္မတ ရွေးကောက်ပွဲဟာ လက်ရှိသမ္မတ လူကာရှန်ကိုရဲ့ သြဇာခြေကုပ်ကို သက်တမ်းတိုးဖို့ ပုံစံထုတ်ထားတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
လူကာရှန်ကိုကတော့ ရွေးကောက်ပွဲ မသမာမှုတွေကို ငြင်းထားပါတယ်။ သူဟာ ၁၉၉၄ ခုနှစ်တည်းက အာဏာရလာခဲ့ပြီး အတိုက်အခံတွေကို အကြမ်းဖက်နှိမ်နင်းလို့ အနောက် နိုင်ငံတွေက ဒဏ်ခတ်တာကို ထပ်ပြီးရင်ဆိုင်ထားရပါတယ်။