ရုရှားတပ်က တိုက်ခိုက်နေတဲ့ ယူကရိန်းအပိုင် မာရီယူပို ဆိပ်ကမ်းမြို့ အရေးကို ဆွေးနွေးဖို့ ယူကရိန်းဘက်က ရုရှားဘက်ကို ကမ်းလှမ်းထားပါတယ်။
ယူကရိန်းသမ္မတရုံးက အကြံပေး ၂ ယောက်က အဆိုပြုချက်ကို ရုရှားဘက်ကို ပို့ထားတဲ့ အကြောင်း ဧပြီ ၂၅ ရက်နေ့မှာ ပြောပါတယ်။
ယူကရိန်းဘက်က အဆိုပြုချက်တွေထဲမှာ အပစ်ရပ်စဲရေး၊ လူသားချင်း အကူအညီပေးနိုင်ရေး လမ်းကြောင်းဖွင့်ဖို့ ကိစ္စတွေ ပါဝင်ပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံက ကုလသမဂ္ဂဆိုင်ရာ အကြီးတန်း သံတမန် တဦးက ယူကရိန်းနဲ့ အပစ်ရပ်ဖို့ အချိန်မရောက်သေးဘူးလို့ ပြောပါတယ်။
ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းကို အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေး ဒုတိယအဆင့်အဖြစ် မာရီယူပိုမြို့အပါအဝင် မြို့ကြီးတွေကို တိုက်ခိုက်နေတာပါ။
ဧပြီ ၂၅ ရက်ကလည်း ယူကရိန်းအရှေ့ပိုင်းမြို့တမြို့ ဖြစ်တဲ့ ခါကိဗ်မြို့မှာ လူနေအဆောက်အအုံတွေ အမြောက်ဆန် ထိမှန်ပြီး မီးလောင်နေတာကို မီးသတ်သမားတွေက မီးငြှိမ်းသတ်ခဲ့ရပါတယ်။ အနည်းဆုံး တိုက်ခန်းတွဲ ၂ လုံး ပျက်စီးသွားတယ်လို့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ခါကိဗ်မြို့ဟာ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ရုရှားရဲ့ အမြောက်ဒဏ်ခံနေရတာ ရက်အတန်ကြာနေပါပြီ။
အထူးစစ်ဆင်ရေးလို့ ရုရှားဘက်က သုံးနှုန်းတဲ့ ဒီကျူးကျော်စစ်ဟာ သုံးလထဲကို ဝင်ရောက်နေပြီး စစ်သားနဲ့ အရပ်သားတွေ ထောင်ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။