မာရီယူပိုမြို့ထဲက အဇိုစတယ် သံမဏိစက်ရုံမှာ မေ ၅ ရက်က မီးခိုးတွေ ထွက်ပေါ်နေတာ တွေ့ရပါတယ်။
ယူကရိန်းဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရီယူပိုမြို့ရဲ့ တခြားအစိတ်အပိုင်းတွေလည်း ပျက်စီးပြီး မြို့ပျက်ကြီးလို ဖြစ်နေပါတယ်။
ဒီမြို့ရဲ့ နောက်ဆုံးခံကတုတ်လို ဖြစ်နေတဲ့ သံမဏိစက်ရုံကို ရုရှားဘက်က လက်နက်ကြီးတွေနဲ့ပစ်ပြီး တိုက်ခိုက်နေတာ ရက်သတ္တပတ်တွေ ကြာနေပေမဲ့ ယူကရိန်းတပ်တွေက ဆက်လက်ခုခံနေပါတယ်။
အဝိုင်းခံထားရတဲ့ စက်ရုံထဲမှာ ယူကရိန်းအရပ်သား ၂၀၀ လောက် ကျန်နေသေးတယ်လို့ ခန့်မှန်းရပါတယ်။ ဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ပြီး မြေအောက် ဗုံးခိုကျင်းထဲမှာ အစာပြတ် ရေပြတ် အခြေအနေမျိုး ကြုံနေရပါတယ်။
သူတို့ကို ဆက်လက်ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ကုလသမဂ္ဂက မေ ၅ ရက်မှာ ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း အရပ်သားတွေကို ဘေးကင်းကင်းနဲ့ ထွက်လာနိုင်ဖို့ လမ်းကြောင်းစီစဉ်ပေးမယ်လို့ ပြောထားပါတယ်။
ယူကရိန်းတပ်တွေ လက်နက်ချဖို့ ရုရှားသမ္မတ ပူတင်က တောင်းဆိုနေပေမဲ့ ရုရှားတပ်ဟာ ၁၀ ပတ်ကြာတဲ့ အခုအချိန်အထိ ယူကရိန်းမြို့တွေကို မသိမ်းနိုင်သေးပါဘူး။ မာရီယူပိုမြို့မှာလည်း တိုက်ပွဲဆက်ဖြစ်နေပြီး အနိုင်မခံ အရှုံးမပေးတဲ့ ယူကရိန်းစစ်တပ်ရဲ့ စိတ်ဓာတ်မာကျောမှုကို ဒီမြို့မှာ တွေ့ရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
ယူကရိန်းနိုင်ငံ မာရီယူပိုမြို့ထဲက အာဇိုစတယ် သံမဏိစက်ရုံထဲမှာ ယူကရိန်းစစ်တပ်ဟာ ရုရှားတပ်တွေနဲ့ မေ ၄ ရက်က ဒုတိယမြောက်နေ့အဖြစ် ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေဆဲလို့ အာဇော့ဗ်တပ်ရင်းရဲ့ စစ်ဦးစီးမှူးက ပြောလိုက်ပါတယ်။
"ရန်သူရဲ့ဖိအားကို ထိန်းချုပ်ဖို့ အာဂအားထုတ်မှုတွေနဲ့ ကျနော့်စစ်သည်တွေကို ကျနော်ဂုဏ်ယူတယ်။ အခြေအနေက အလွန်အမင်း ခက်ခဲနေတယ်" လို့ စစ်ဦးစီးမှူး ဒန်းနစ် ပရိုကိုပန်ကိုက တယ်လီဂရမ်ကနေ ထုတ်လွှင့်တဲ့ ရုပ်သံထဲမှာ ပြောပါတယ်။
အာဇိုစတယ် သံမဏိစက်ရုံထဲကနေ အရပ်သားတွေ ဘေးကင်းရာ ထွက်သွားဖို့ မေ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နေ့တွေမှာ စစ်ရေးလှုပ်ရှားမှု ရပ်ထားမယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။
ရုရှားတပ်တွေက မာရီယူပိုမြို့ကို ဝိုင်းထားချိန်မှာ အရပ်သားတွေနဲ့ စစ်သားတွေဟာ အဲဒီစက်ရုံထဲမှာ ပုန်းအောင်းနေခဲ့တာပါ။
အရပ်သားတွေ စက်ရုံထဲက မြေအောက်အခန်းတွေထဲမှာ ရှိနေတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောလို့ သူတို့ ဘေးကင်းရာသွားဖို့ လူသားချင်းစာနာမှု ထွက်ပေါက်လမ်းတွေကို ဖွင့်ပေးထားမယ်လို့ ရုရှားစစ်တပ်က ပြောခဲ့ပါတယ်။
မာရီယူပိုမြို့ကနေ အရပ်သားတွေကို ဒုတိယအသုတ်အဖြစ် မေ ၄ ရက်က အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
မြို့တွင်းကရော မြို့ဆင်ခြေဖုံးတွေကပါ လူပေါင်း ၃၄၄ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ နိုင်ငံကို ပုံမှန်ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ ဇလန်းစကီးက ပြောသွားတာပါ။
လွတ်မြောက်လာသူတွေကို လိုအပ်တဲ့ အကူအညီနဲ့ စောင့်ရှောက်မှု ပေးသွားမယ့်အကြောင်းနဲ့ အာဇိုစတယ် သံမဏိစက်ရုံထဲမှာ ဒဏ်ရာနဲ့ ပိတ်မိနေသူတွေကို ကုလသမဂ္ဂ အကူအညီနဲ့ ကယ်ထုတ်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
အာဇိုစတယ် သံမဏိစက်ရုံဝင်းထဲမှာ ပိတ်မိနေတဲ့ အရပ်သား ၁၅၀ ကျော်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကြက်ခြေနီအသင်းတို့ရဲ့ အစီအစဉ်နဲ့ မေ ၁ ရက်မှာ စတင်ကယ်ထုတ်ခဲ့ပြီး ယူကရိန်းအစိုးရ ထိန်းချုပ်ဆဲဖြစ်တဲ့ အနောက်မြောက်ဒေသက ဇာပူးရီယီရှာမြို့ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
စစ်မဖြစ်ခင်က မာရီယူပို ဆိပ်ကမ်းမြို့မှာ လူဦးရေ လေးသိန်းရှိပြီး အခုတော့ ရုရှားအမြောက်ဒဏ်ကြောင့် မြို့ပျက်ကြီးလို ဖြစ်နေပါပြီ။
နှစ်လခွဲကြာနေပြီဖြစ်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် လူထောင်ချီ သေဆုံးပြီး မြို့တွေပျက်စီးကာ လူ ငါးသန်းခွဲလောက်ကလည်း တခြားနိုင်ငံတွေကို စစ်ပြေးဒုက္ခသည်တွေအဖြစ် ခိုလှုံသွားကြပြီး ဖြစ်ပါတယ်။