ရုရှားတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရီယူပိုမြို့မှာ ရှိတဲ့ သံမဏိစက်ရုံကို မေ ၈ ရက်မှာ တိုက်ခိုက်ပါတယ်။
အာဇိုစတယ် သံမဏိစက်ရုံဝင်းထဲက အရပ်သားတွေကို ကယ်ထုတ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီလို့ ရုရှားက ကြေညာအပြီးမှာ အခုလို စစ်ဆင်ရေး ပြန်စတာပါ။
ယူကရိန်းဘက်ကတော့ အရပ်သားတွေ ဘယ်လောက်အထိ သေဆုံးသွားသလဲဆိုတာကို သိနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။ မာရီယူပို့ တမြို့တည်းမှာ သေဆုံးသူ အနည်းဆုံး ၂ သောင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
ရုရှားတပ်တွေဟာ မာရီယူပိုမြို့ကို ၂ လကြာအောင် ဝိုင်းထားပြီး ဧပြီ ၂၁ ရက်နေ့ကတော့ မြို့ကို ထိန်းချုပ်ထားလိုက်ပြီလို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ယူကရိန်းဘက်က ခုခံရေးတပ်တွေက ဆိုဗီယက်ခေတ် သံမဏိစက်ရုံကို နောက်ဆုံး ခံတပ်လုပ်ပြီး ရုရှားတပ်တွေကို ပြန်လည်တိုက်ခိုက်နေတာပါ။
အာဇိုစတယ် သံမဏိစက်ရုံကနေ အရပ်သားတွေကို ကယ်ထုတ်တဲ့ လုပ်ငန်းစဉ်ဟာ မေ ၅ ရက်မှာ စတင်ခဲ့ပြီး မေ ၇ ရက်မှာ ပြီးဆုံးသွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အဲဒီနေ့ညပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီအတောအတွင်းမှာ သံမဏိစက်ရုံဝင်းထဲကနေ အရပ်သား ၅၁ (အမျိုးသား ၁၈ ယောက်၊ အမျိုးသမီး ၂၂ ယောက် နဲ့ ကလေး ၁၁) ကို ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်း ဒုဝန်ကြီးချုပ် အင်ရင်းနား ဗာရက်ချောက်ခ်ကလည်း သံမဏိစက်ရုံဝင်းထဲကနေ အမျိုးသမီးတွေနဲ့ ကလေးတွေ အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ မေ ၇ ရက်က ပြောပါတယ်။
မေ ၈ ရက်မှာတော့ ရုရှားဒုဝန်ကြီးချုပ် Marat Khusnullin ဟာ မာရီယူပိုမြို့ကို သွားရောက်ခဲ့တယ်လို့ တယ်လီဂရမ်ကနေ ကြေညာပါတယ်။
ရုရှားတပ်တွေ ဝိုင်းထားတဲ့ ယူကရိန်းနိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းမြို့ကို သွားရောက်တဲ့ အဆင့်အမြင့်ဆုံး ရုရှားအစိုးရခေါင်းဆောင် ဖြစ်ပါတယ်။
မာရီယူပိုမြို့ဟာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားက သိမ်းထားတဲ့ ယူကရိန်းအပိုင် ခရိုင်းမီးယားနဲ့ ရုရှား လိုလားတဲ့ ခွဲထွက်ရေးသမားတွေ တစိတ်တပိုင်း ထိန်းချုပ်ထားတဲ့ လူဟန့်စ်ခ်နဲ့ ဒွန်းနက်စ်ခ် ဒေသတို့နဲ့ ဆက်သွယ်ရာမှာ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ မြို့ ဖြစ်ပါတယ်။
မာရီယူပိုမြို့က ဗုံးခိုကျင်းထဲမှာ အစာပြတ် ရေပြတ်နဲ့ အရပ်သား ၂၀၀ လောက် ပိတ်မိနေသေးတယ်လို့ သူတို့နဲ့ အတူရှိနေတဲ့ ယူကရိန်း တပ်မှူးတယောက်က ပြောပါတယ်။
အာဇိုစတယ် သံမဏိစက်ရုံဝင်းထဲမှာ ပိတ်မိနေတဲ့ အရပ်သား ၁၀၀ လောက်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကကြက်ခြေနီအသင်းတို့ရဲ့ အစီအစဉ်နဲ့ မေ ၁ ရက်မှာ စတင်ကယ်ထုတ်ပြီးနောက် နောက်ထပ် အရပ်သားတွေ ကျန်နေသေးတယ်လို့ ယူကရိန်း တပ်မှူးက ပြောလိုက်တာပါ။
ဗုံးခိုကျင်းထဲ ပိတ်မိနေသူတွေထဲမှာ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။
ရုရှားက ယူကရိန်းရဲ့ဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရီယူပိုမြို့ကို အမြောက်နဲ့ တရစပ်ပစ်ခတ်နေတဲ့ အတွက် ပြည်သူတွေဟာ သံမဏိစက်ရုံဝင်းထဲက ဗုံးခိုကျင်းထဲမှာ လာရောက် ပုန်းအောင်နေကြ တာ အရေအတွက် ဘယ်လောက် ရှိနေသလဲဆိုတာကို မသိရပါဘူး။
ဒီစက်ရုံဟာ ဆိုဗီယက်ခေတ် စတာလင်လက်ထက် တည်ဆောက်ထားတာဖြစ်ပြီး မြေအောက် ဘန်ကာတွေနဲ့ ဥမင်လှိုင်တွေ ရှိပါတယ်။
စက်ရုံဝင်းထဲကနေ ကယ်ထုတ်လာတဲ့ ပထမအသုတ် အယောက် ၁၀၀ မှာ ကလေးတွေလည်း ပါဝင်ပါတယ်။
ရုရှားတပ်တွေဟာ မြို့ကို တိုက်ခိုက်နေတာ ၂ ပတ်နီးပါး ရှိနေပြီဖြစ်လို့ မြို့ဟာလည်း မြို့ပျက်ကြီးလို ဖြစ်နေပြီး လူအသေအပျောက်စာရင်း အတိအကျကို မသိရဘဲ၊ ထောင်ပေါင်း များစွာဟာ အစားအစာ ပြတ်လပ်တာနဲ့ ကြုံနေရပါတယ်။