ဝက်စ်ဟမ်းအသင်းမှာ ၁၈ နှစ်ကြာ ကစားခဲ့တဲ့ အသင်းခေါင်းဆောင် မာ့ခ်နိုဘယ်ကို မန်စီးတီးနဲ့ ပွဲမှာ ပရိသတ်တွေက ဂုဏ်ပြုခဲ့ပါတယ်။
အသက် ၃၅ နှစ်ရှိ အင်္ဂလန်ကွင်းလယ်လူ မာ့ခ်နိုဘယ်ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက ဝက်စ်ဟမ်းအကယ်ဒမီမှာ စတင်ရောက်ရှိခဲ့တာပါ။ ၂၀၀၄ ခုနှစ် ကတည်းက ဝက်စ်ဟမ်းအသင်းကြီးမှာ စတင်ကစားခဲ့ပြီး အခုနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာပါ။
မနေ့က မန်စီးတီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ဟာ သူ့ရဲ့အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်ပြီး ကွင်းထဲမှာ နှုတ်ဆက်ပွဲတခု ပြုလုပ်ခဲ့ပါတယ်။
မာ့ခ်နိုဘယ်ရဲ့ ကျောနံပါတ် ၁၆ ကို ရည်ညွှန်းပြီး ပွဲချိန် ၁၆ မိနစ်မှာ ဝက်စ်ဟမ်းပရိသတ်အားလုံးက နိုဘယ်အတွက်မက်တပ်ရပ်ကာ ဂုဏ်ပြုလုပ်လက်ခုပ်တီး ခဲ့ပါတယ်။
အဲဒီအချိန်မှာ မာ့ခ်နိုဘယ်တစ်ယောက် မျက်ရည်ကျခဲ့တာကို ရုပ်သံတွေကအမိအရရိုက်ပြခဲ့ ပါတယ်။ နိုဘယ်ဟာ ပွဲချိန် ၇ ရမိနစ်မှာတော့ ဒက်ကလန်ရိုက်ဆီက အသင်းခေါင်းဆောင်လက်ပတ်ကို ရယူပြီး လူစားဝင်ကစားခဲ့ပါတယ်။
ပွဲအပြီးမှာ အသင်းဘက်က ကျောနံပါတ် ၁၆ မှာ ဂျာစီကို မှန်ဘောင်သွင်းပြီး အမှတ်တရပေးအပ်ခဲ့သလို ပရိသတ်တွေနဲ့လည်း နှုတ်ဆက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၈ နှစ်တာ ကာလအတွင်းမှာ အတက်အကျတွေရှိခဲ့ပေမယ့် ပရိသတ်တွေကို ဂုဏ်ယူစရာဖြစ်စေဖို့ မျှော်လင့်ပြီး ဝက်စ်ဟမ်းမှာ အချိန်ကြာမြင့်စွာကစားခွင့်ရခဲ့တာဟာ ဂုဏ်ယူစရာဖြစ်တယ်လို့ နိုဘယ်ကပြောပါတယ်။
ဟားလ်စီးတီးနဲ့ ချာတန်အသင်းတွေကာ ကာလတိုအငှားထွက်ကစားခဲ့တာကလွဲရင် ဝက်စ်ဟမ်းတသင်းထဲမှာပဲ ကစားခဲ့တဲ့ နိုဘယ်ဟာ စုစုပေါင်းပွဲ ၅၀၀ ကျော်ကစားပေးခဲ့ပါတယ်။