close

မိတ္တူဆိုင်

close

May 22, 2022

မိုးကုတ်မြို့က ကွန်ပျူတာ မိတ္တူဆိုင်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်

မန္တလေး တိုင်းမိုးကုတ်မြို့ အရှေ့ပိုင်းက ရွှေအိကွန်ပျူတာမိတ္တူဆိုင်ကို စစ်ကောင်စီတပ်တွေက မေ ၂၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက်ကားအများကြီးနဲ့ ဝင်စစ်နေတာတွေ့တယ်။ အဲ့ဆိုင်ကို ခဏခဏဝင်စစ်တယ်၊ အရင်က NLD အင်္ကျီတွေရောင်းလို့ဆိုပြီး ဝင်စစ်တယ်ကြားတယ်၊ ဒီမနက်မှ လာစစ်ပြီး ချိပ်ပိတ်သွားတာ” လို့ ​ဒေသခံတဦးက ပြောပါတယ်။

မေ ၂၀ ရက်နေ့မှာလည်း မင်းတံတားရပ်ကွက်က မောင်ရော်ဘင်ကို စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

“သူက အရင်တခါကလည်း ဖမ်းခံရတယ်၊ ပြီးမှပြန်လွတ်လာတာ။ ခုက ဘာလို့ဖမ်းလဲတော့မသိဘူး၊ ဒီတိုင်းအိမ်မှာ လာဖမ်းသွားတာ။ ခုရက်ပိုင်းအ ဖမ်းအဆီးအစစ်အဆေး အရမ်းများတယ်” လို့ ဒေသခံက ပြောပါတယ်။

မိုးကုတ်မြို့ထဲမှာ စစ်ကောင်စီတပ်တွေက အစစ်အဆေးတင်းကျပ်နေပြီး ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် မေလအတွင်း ဖမ်းဆီးခံရသူ ၄ ဦးရှိပြီလို့ သိရပါတယ်။

3 mins Ago

December 8, 2020

အမရပူရတွင် ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာအတုလုပ်သည့် မိတ္တူဆိုင်ကို အရေးယူ

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ မြို့နယ်ဝင်ထွက်ခွင့်ကတ်အတုတွေနဲ့ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာရွက် အတုတွေ ပြုလုပ်ရောင်းချနေတဲ့ မိတ္တူဆိုင်ကို အရေးယူထားတယ်လို့ မြို့နယ် တာဝန်ရှိသူတွေထံက သိရပါတယ်။ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုရှိ  မိတ္တူဆိုင် တစ်ဆိုင်မှာ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာတွေနဲ့ မြို့နယ်ကျော်ဖြတ်သွားလာခွင့် ကတ်ပြားအတု ပြုလုပ်ရောင်းချနေတယ်လို့ သတင်းရရှိတဲ့အတွက် ဒီဇင်ဘာလ ၇ ရက်နေ့ ‌မွန်းလွဲပိုင်းက တာဝန်ရှိသူတွေ ဝင်ရောက် ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဘက်က စစ်ဆေးရေးဂိတ်တစ်ခုမှာ သံသယဖြစ်ဖွယ် သက်သေခံ လက်မှတ်တချို့ တွေ့ရှိခဲ့တာကြောင့် ဆေးစစ်ချက် ထောက်ခံစာပါတဲ့ အတိုင်း ကျန်းမာရေးဌာန တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာက စာရွက်အထောက်အထား အတုတွေပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ဆက်စပ်ပြီး ထောက်ခံစာ အတုပြုလုပ်တဲ့ မိတ္တူဆိုင်ကိုပါ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အမရပူရမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ စိုးကိုကိုဇော်က "မနေ့က နန့်စီးအောင်ဂိတ်မှာ သံသယဖြစ်ဖွယ် သက်သေခံလက်မှတ် တွေ့တယ် ဆိုပြီးတော့ စစ်ဆေးရေး အဖွဲ့ကနေပြီးတော့ ကျနော့်ဆီ အတည်ပြုချက်တောင်းတယ်၊ အဲ့ဒီတော့ အဲ့ဒီစာရွက်ဟာ စကန် ဖတ်ပြီးအတုပြုလုပ်ထားတဲ့ စာရွက်ဖြစ်တယ်၊ ကျနော်တို့ စစ်ဆေးပေးတဲ့ စာရင်းထဲမှာ အဲ့နာမည်စာရင်းမပါပါဘူးဆိုပြီး အကြောင်းပြန်လိုက်တယ်။ အဲ့ဒီမှာအတုနဲ့ မိတဲ့သူနှစ်ဦးကို စစ်တဲ့အခါမှာ သတင်းရတဲ့အတွက် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်" လို့ ပြောပါတယ်။ တာဝန်ရှိသူတွေ ပူးပေါင်းပြီး အဆိုပါ မိတ္တူဆိုင်ကို ဝင်ရောက်စစ်ဆေးတဲ့အခါ  ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံစာ အတုပြုလုပ်တဲ့ စာရွက်တွေ၊ မြို့နယ်စီမံခန့်ခွဲမှုကထုတ်ပေးတဲ့ မြို့နယ်ကျော်ဖြတ် သွားလာခွင့် ကတ်အတုတွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမရပူရမြို့နယ် ကျန်းမာရေး ဦးစီးဌာနတာဝန်ရှိသူက တရားလိုပြုလုပ်ပြီး အသက်(၃၂)နှစ်အရွယ် မိတ္တူဆိုင်ရှင် အမျိုးသားကို မြစ်ငယ်နယ်မြေ ရဲစခန်းမှာ အမှုဖွင့်လှစ် အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ သတင်း- ထိန်ထိန်လင်း ဓာတ်ပုံ-အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး
1 year Ago
Up