မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်မှာ သံဃာတော်တွေ၊ စစ်ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် ခရိုင်တခရိုင်လုံးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၈၅ ဦးရှိလာပြီလို့ ကျန်းမာရေးဌာနက သိရပါတယ်။
ဇူလိုင် ၂၄ ရက်က သာစည်ဆေးရုံ ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ စစ်ဆရာဝန်ဗိုလ်ကြီးတစ်ဦးနဲ့ သူနာပြုဆရာမ ၃ ဦး အပါအဝင် ၂၃ ဦးမှာ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရသလို မလှိုင်မြို့က သံဃာ ၃၅ ပါးလည်း ကိုဗစ်ရောဂါပိုး တွေ့ရတယ်လို့ ကျန်းမာရေးဌာန ဝန်ထမ်း ၁ ဦးက ပြောပါတယ်။
ကိုဗစ်တတိယလှိုင်းကာလ ခရိုင်ထဲက ၄ မြို့နယ်လုံးမှာ ကျန်းမာရေးဝန်ထမ်းတွေ သံဃာတော်တွေပါ ကိုဗစ်ပိုး ကူးစက်ခံနေရပြီး ကူးစက်နှုန်းမြန်တဲ့အတွက် ဂရုစိုက်ကြဖို့လည်း ပြောပါတယ်။
မိတ္ထီလာခရိုင် ၄ မြို့နယ်ပေါင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားသူ ၁၆၈၅ ဦး၊ ရောဂါကုသပျောက်ကင်းသူ ၅၃၉ ဦး၊ ဆေးကုသမှုဆက်လက်ခံယူနေသူ ၁၁၁၅ ဦးနဲ့ သေဆုံးသူ ၃၁ ဦး ရှိနေပါတယ်။
မိတ္ထီလာမြို့နယ်မှာတော့ ကိုဗစ်ရောဂါဖြစ်ပွားသူ ၅၆၂ ဦးအနက် ၁၀၄ ဦး ကုသပျောက်ကင်းပြီး သံဃာတော်တစ်ပါးအပါ ၁၃ ဦး သေဆုံးထားပါတယ်။ သာစည်မှာတော့ ကိုဗစ်ရောဂါဖြစ်ပွားသူ ၃၂၇ ဦးအနက် ၂၁၅ ဦး ကုသပျောက်ကင်းပြီး သံဃာတော်တစ်ပါးအပါ ၈ ဦး သေဆုံးထားပါတယ်။
ဝမ်းတွင်းမှာ ကိုဗစ်ရောဂါဖြစ်ပွားသူ ၅၅၉ ဦးအနက် ၁၄၅ ဦး ကုသပျောက်ကင်းပြီး ၉ ဦး သေဆုံးထားပါတယ်။ မလှိုင်မှာတော့ ကိုဗစ်ရောဂါဖြစ်ပွားသူ ၂၃၇ ဦးအနက် ၇၅ ဦးလောက် ရောဂါကုသပျောက်ကင်းပြီး ၁ ဦး သေဆုံးထားပါတယ်။
မန္တလေးတိုင်း၊ သာစည်၊ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း ၄ မြို့နယ်မှာ ဇူလိုင် ၁၂ ရက်နေ့က ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ ကလေးအထူးကုဆရာဝန်ကြီး တစ်ယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပါတယ်။
“တခရိုင်လုံးမှာ ထွေအုပ်ဝန်ထမ်း ၃ ဦး၊ လ.ဝ.က ဝန်ထမ်း ၂ ဦး၊ မြေစာရင်းဝန်ထမ်း ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦး ကိုဗစ်-၁၉ ဖြစ်သွားတယ်။ ကလေးအထူးကုဆရာဝန်ကြီးတဦးလည်း ကိုဗစ်-၁၉ ဖြစ်သွားတယ်လို့ သိရတယ်။ စားသောက်ကုန်နဲ့ ဆေးဆိုင်ကလွဲရင် တခြားဈေးဆိုင်တွေ ပိတ်ထားရတယ်။”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
သာစည်မြို့နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၁၄၀ ရှိတဲ့အနက် ၄၇ ဦး ရောဂါပျောက်ကင်းသွားပြီး သေဆုံးသူ ၄ ဦး ရှိကာ ဆေးကုသမှုခံယူနေသူ ၈၉ ဦး ရှိနေပါတယ်။
ဝမ်းတွင်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၄ ဦးရှိတဲ့အနက် ၄ ဦး ပျောက်ကင်းပြီး ၂ ဦး သေဆုံးကာ ဆေးကုသမှုခံယူနေသူ ၁၁၈ ဦးရှိနေပါတယ်။
မလှိုင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၂ ဦးရှိတဲ့အနက် ၂ ဦး ပျောက်ကင်းပြီး ၁ ဦး သေဆုံးခဲ့သဖြင့် ၄၉ ဦး ဆေးကုသမှု ခံယူနေပါတယ်။
မိတ္ထီလာမြို့နယ်မှာ အတည်ပြုလူနာ ၁၁၀ ဦးအနက် မိတ္ထီလာဆေးရုံကို တခြားမြို့နယ်က လာရောက်ဆေးကုသတဲ့ ကိုဗစ်-၁၉ လူနာ ၅ ဦး သေဆုံးခဲ့ပြီး ပျောက်ကင်းသူ ၄ ဦးရှိကာ ဆေးကုသမှုခံယူနေသူ ၁၀၁ ဦး ရှိနေပါတယ်။
မိတ္ထီလာခရိုင်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂၀ ခန့်ရှိကာ ပျောက်ကင်းသူ ၆၄ ယောက် ရှိနေပြီး သေဆုံးသူ ၁၂ ဦး ရှိပါတယ်။