မန္တလေးတိုင်း မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်ရှိ မိတ္ထီလာမြောက်ကန်အတွင်း ဒီဇင်ဘာ ၁၉ ရက်နေ့က ရေဆင်းချိုးတဲ့ အမျိုးသမီး ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ကန်ထဲမှာ ရေနစ်နေတာကို မြင်ရတော့ အားလုံးက ဝိုင်းပြီး ကယ်ကြပေမယ့် သေဆုံးသွားကြတယ်။ အမျိုးသမီးတစ်ဦးက စျေးသည်ပါ၊ တစ်ဦးကတော့ ၈ တန်းကျောင်းသူပါ ပရဟိတအသင်းကားတွေနဲ့ပဲ ဆေးရုံပို့လိုက်တယ်” လို့ ပြောပါတယ်။
မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသူ မမေသူအောင် နဲ့ တရပ်ကွက်တည်းနေ မမြသင်းတို့ နှစ်ဦး မိတ္ထီလာမြောက်ကန်ထဲ ရေဆင်းချိုးရာက ရေနစ်သေဆုံးခဲ့တာပါ။
မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှာ မမေသူအောင်နဲ့ မမြသင်းတို့ သေဆုံးတာ ဓမ္မတာအတိုင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှုဖွင့်ထားတယ်လို့ သိရပါတယ်။