close

မိတ္ထီလာအကျဉ်းထောင်

close

October 2, 2021

မိတ္ထီလာအကျဉ်းထောင်မှ အချုပ်ကျနေသူ ၇၀ ပြန်လွတ်

မန္တလေးတိုင်း မိတ္ထီလာခရိုင်ထဲက မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိူင်၊ သာစည် ၄ မြို့နယ်က တရားရုံးတွေမှာ ရင်ဆိုင်ဆဲအမှုတွေနဲ့ မိတ္ထီလာအကျဉ်းထောင်မှာ အချုပ်ကျနေသူတရားခံ အယောက် ၇၀ အောက်တိုဘာ ၁ ရက်မှာ  လွတ်မြောက်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

      "ကိုဗစ်ရောဂါ တတိယလှိူင်းဖြစ်နေလို့ မြို့နယ် ၄ ခုက တရားရုံးတွေမှာ ရင်ဆိုင်နေဆဲအမှုတွေ နဲ့ ပတ်သက်နေတဲ့ တရားခံတွေကို ရုံးထုတ်ပြီး မစစ်ဆေးနိုင်ဘူး။ အဲဒီအမှုတွေကို ရုတ်သိမ်းပေးပြီး မိတ္ထီလာအကျဉ်းထောင်ထဲမှာ အချုပ်ကျနေတဲ့ တရားခံ အမျိုးသား ၆၆ ယောက် အမျိုးသမီး  ၄ ယောက်ကို ဒီနေ့ပဲ လွှတ်ပေးလိုက်တာပါ။"

     မိတ္ထီလာခရိုင်တရားရုံးက အမျိုးသား ၁၂ ဦး အမျိုးသမီး ၁ ဦး၊ မြို့နယ်တရားရုံးက အမျိုးသား ၁၅ ဦး အမျိုးသမီး ၂ ဦး၊ ဝမ်းတွင်းမြို့နယ်တရားရုံးက အမျိုးသား ၉ ဦး၊ မလှိုင်မြို့နယ်တရားရုံးက အမျိုးသား ၂၁ ဦး၊ သာစည်မြို့နယ်တရားရုံးက အမျိုးသား ၉ ဦး အမျိုးသမီး ၁ ဦး စုစုပေါင်း အမှု ၆၀ ရဲ့ စုစုပေါင်းအချုပ်တရားခံ ၇၀ လွတ်မြောက်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအမှုတွေ မပါဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကျူးလွန်ထားတဲ့ နိုင်ငံတော်ပုန်ကန်မှု၊ မတရားသင်းအမှုနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် အမှုအမျိုးအစား ၉ မျိုးကို အမှုပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ပေးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဩဂုတ် ၁၁  ရက်မှာ ကြေညာပါတယ်။

ပိတ်သိမ်းလိုက်တဲ့အမှုတွေအထဲမှာ အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ မတရားအသင်းအမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင်ပြုလုပ်မှု (ပုဒ်မ ၁၂၄(က))၊  တရားခံပြေးအမှုနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားစွဲဆိုထားတဲ့အမှုတွေ ပါဝင်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်ကုသနိုင်ဖို့နဲ့ ကျန်ရှိနေတဲ့ ချုပ်ရက်ရှည်ကြာနေတဲ့ တရားခံတွေကို သတ်မှတ်ချက်တွေနဲ့အညီ သက်ညှာစွာနဲ့ အမှုပိတ်သိမ်းပေးနိုင်ဖို့ လုပ်ဆောင်တာလို့ ဆိုပါတယ်။

12 hours Ago

July 22, 2021

မိတ္ထီလာအကျဉ်းထောင်မှ အချုပ်သား ၃၆ ဦး ပြန်လည်လွတ်မြောက်

မိတ္ထီလာအကျဉ်းထောင် အချုပ်မှာထားရှိသည့် အချုပ်သား  ၃၆ ယောက်ကို  အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့မြို့ခံတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၂၂ ရက်နေ့လယ်က မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် ၄ မြို့နယ် တရားရုံးတွေမှာ အမှုစစ်ဆေးဆဲ အချုပ်သားတွေကို ပြန်လွှတ်ပေးလိုက်တာပါ။

မိတ္ထီလာက မူးယစ်မှုနဲ့ တရားစွဲဆိုစစ်ဆေးနေတဲ့ ၁၈ ဦး၊  ခိုးမှုနဲ့  တရားစွဲဆို စစ်ဆေးခံရသူ ၁၀ ဦး၊ ပေါင်း ၂၈ ဦးလွတ်မြောက်လာပြီး ဝမ်းတွင်းက လောင်းကစားနဲ့တရားစွဲဆို စစ်ဆေးနေသူ တစ်ဦး မူးယစ်မှု ၃ ဦး  ပေါင်း ၄ ဦး ပြန်လွတ်လာပါတယ်။

မလှိုင်မြို့နယ်က  မူးယစ်မှုတစ်ဦး၊ ခိုးမှု ၃ ဦး လွတ်မြောက်လာပြီး  သာစည်မြို့နယ်က ၁ ဦးကတော့ သစ်တောဥပဒေနဲ့ တရားစွဲထားလွတ်မြောက်ခဲ့ပေမဲ့ ပြည်သူပိုင်ပစ္စည်း ပျက်စီးစေမှုနဲ့ မလွတ်တော့ အချုပ်ထဲမှာ ပြန်နေရတယ်လို့ ဒေသခံက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာမသိမ်းခင်ကျူးလွန်ခဲ့တဲ့ ခိုးမှု၊ မူးယစ်မှု၊ ပြည့်တန်ဆာမှု အပါအဝင် ပြစ်မှု‌ ၁၁ မျိုးကို ပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ပေးဖို့  ဇူလိုင် ၂၀ ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

2 months Ago
Up