close

မိန်းကလေးငယ်

close

June 11, 2021

စပိန်ကျွန်းတွင် ပျောက်ဆုံးခဲ့သည့် မိန်းကလေးငယ် ၁ ဦး အလောင်းပြန်တွေ့

စပိန်နိုင်ငံရဲ့ ကနေရီကျွန်းတွေထဲက အကြီးဆုံးဖြစ်တဲ့ တယ်နာရိဖှ်ကျွန်းကနေ ဧပြီလကတည်းက ပျောက်ဆုံးနေတဲ့ မိန်းကလေး ၂ ယောက်ကို ရှာဖွေနေရာမှာ ဇွန် ၁၀ ရက်မှာတော့ အလောင်း တစ်လောင်းကို တွေ့ရှိခဲ့ပါတယ်။ 

ကျွန်းရဲ့ ကမ်းရိုးတန်းကနေ  သုံးမိုင်အကွာမှာ ရေအောက်အနက် မီတာ ၁၀၀၀ မှာ ရှာဖွေရေးသင်္ဘောတစ်စီးရဲ့ ရေအောက်စက်ရုပ်ကနေ အလောင်းကို ရှာတွေ့ခဲ့တာလို့ ဒေသခံ မီဒီယာကနေ ဖော်ပြပါတယ်။ 

ရဲတွေဟာ ကျွန်းကို ပိုက်စိပ်တိုက်ရှာဖွေပြီး ရတဲ့ သဲလွန်စတွေဟာ အသက် ၁ နှစ်အရွယ် သမီးငယ်လေး အန်နာနဲ့ အသက် ၆ နှစ်အရွယ် သမီးငယ် အိုလီဗီယာတို့ရဲ့ဖခင် Tomas Gimeno ဆီကို ဦးတည်နေပါတယ်။ 

ကလေးတွေရဲ့မိခင် ဘီးထရစ်ဇ်နဲ့ ကလေးအုပ်ထိန်းခွင့် ခွဲယူထားတဲ့ Tomas Gimeno ဟာ သမီး ၂ ယောက်ကို ဧပြီ ၂၇ ရက်က ခေါ်ဆောင်သွားတာဖြစ်ပြီး  ကလေးတွေကို ပြန်လာအပ်ဖို့ သဘောတူညီထားခဲ့တဲ့အတိုင်း မလုပ်ခဲ့ပါဘူး။ 

Gimeno ရဲ့လှေဟာ ကလေးတွေ နောက်ဆုံးမျောပါသွားတဲ့နေရာမှာ ရှိနေတာကို ရဲတွေက တွေ့ရှိထားပြီး ကလေးတွေကို ပြန်ပေးဆွဲမှုဖြစ်နိုင်ခြေအတွက် စုံစမ်းစစ်ဆေးရင်း ကလေးတွေကို လည်း သမုဒ္ဒရာကြမ်းပြင်မှာ ရှာဖွေနေခဲ့တာပါ။ 

စပိန်ဝန်ကြီးချုပ်ကတော့ ကလေးအလောင်း ရှာဖွေတွေ့ရှိတဲ့သတင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့တွစ်တာမှာ အန်နာနဲ့ အိုလီဗီယာတို့ရဲ့မိခင်ဖြစ်သူ နာကျင်မှုကို မမြင်ရက် နိုင်ပါဘူးလို့ ရေးသားခဲ့ပါတယ်။ 

5 mins Ago

November 24, 2019

သိမ်ဖြူခုံးတံတားအောက် မိန်းကလေးငယ်အား အဓမ္မကျင့်၊ အလောင်းစွန့်ပစ်ခဲ့သူ ၂ ဦးကို ဖမ်းမိပြီ

ရန်ကုန်၊ သိမ်ဖြူခုံးတံတားအောက်မှာ မိန်းကလေးငယ်အား အဓမ္မပြုကျင့်ပြီး အလောင်းစွန့်ပစ်ခဲ့သူ ၂ ဦးကို အမှုဖြစ်ပြီး ၃ လအကြာမှာ ဖမ်းမိပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ သြဂုတ် ၂၁ ရက် မနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ သိမ်ဖြူ ခုံးတံတားအောက်၊ ရထားသံလမ်းဘေးမှာ ကလေးအလောင်းတလောင်းကို မြွေရေခွံအိတ်နဲ့ စွန့်ပစ်ထားတဲ့ သတင်းရလို့ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေး ခဲ့ပါတယ်။ အမှတ် ၁ ရထားသံလမ်းဘေးနဲ့ တံတားအောက်ခြေ အုတ်ဘောင်ကြားမှာ အသက် ၈ နှစ်လောက်ရှိတဲ့ မိန်းကလေးအလောင်းကို ညာဘက်ချိုစောင်းဖူးရောင် ဒဏ်ရာတွေနဲ့ အဝတ်အစားမပါဘဲ မြွေရေခွံအိတ်နဲ့ ထုပ်ပိုးထားတာကို တွေ့ခဲ့ရပါတယ်။ သေဆုံးသူ ကလေးငယ်ဟာ အောင်ဆန်း အားကစားကွင်းနားမှာ ဖခင်နဲ့အတူ ပျံကျနေထိုင်သူဖြစ်ပြီး ဒီအမှုကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှာ အမှုဖွင့်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစု၊ အုပ်ချုပ်မှုဌာနခွဲ၊ အရှေ့ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုနဲ့ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အခင်းဖြစ် ပတ်ဝန်းကျင်ကို အသေးစိတ်စုံစမ်းခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူဟာ စိုင်းဖုန်းကျော်(ခ) ပြည့်ဖြိုးပိုင်(ခ) သရဲ(ခ) ဖင်ကြီးမ ဖြစ်နိုင်တာကို သိရပြီး သူဟာ အဲဒီနေ့ကလို့ ပျောက်နေခဲ့ပါတယ်။ ဒါကြောင့် တခြားပြည်နယ်နဲ့တိုင်းက တပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ရာမှာ နိုဝင်ဘာ ၂၀ ရက်က  မွန်ပြည်နယ်၊ ကျိုက္ခမီနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်တွေက ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်၊ ကျားဆိပ်မြောက် ၁ လမ်းထဲမှာ ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူ စိုင်းဖုန်းကျော်(ခ) ပြည့်ဖြိုးပိုင်(ခ)သရဲ(ခ)ဖင်ကြီးမကို အသေးစိတ်စစ်ဆေးရာမှာတော့ သြဂုတ် ၁၉ ရက် ညသန်းခေါင်အချိန်က ရန်ကုန်ဘူတာကြီးရှေ့၊ အောင်ဆန်းအားကစားကွင်း၊ ရွှေကားဂိတ်ရှေ့ ကွပ်ပျစ်ပေါ်မှာ အဖေနဲ့အတူအိပ်နေတဲ့ ကလေးငယ်ကို ပွေ့ချီယူသွားပြီး သိမ်ဖြူခုံးတံတားအောက်မှာ ထွန်းထွန်းဦး (ခ) ရှမ်းလေးနဲ့အတူ အဓမ္မကျင့်နေတုန်း ကလေးက အော်ဟစ်နေတာကြောင့် လက်၊ ခဲတို့နဲ့ ထိုးကြိတ်ထုရိုက်ပြီး အဓမ္မဆက်ကျင့်နေခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ အိတ်ထဲမှာထည်ပြီး သံလမ်းနားမှာ ချထားခဲ့တယ်လို့ ထွက်ဆိုပါတယ်။  သူ့ထွက်ဆိုချက်ကြောင့် ထွန်းထွန်းဦး (ခ)ရှမ်းလေးကို လိုက်လံဖမ်းဆီးခဲ့ရာမှာ နိုဝင်ဘာ ၂၁ ရက် နေ့လယ်အချိန်က ရန်ကုန်ဘူတာကြီးရှေ့၊ ပန်းဆိုးတန်းခုံးတံတားအောက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ ၂ ယောက်ကို ဥပဒေနဲ့အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
2 years Ago
Up