ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှ မိန်းကလေး ၁၃ ဦးနဲ့ ထိုကျေးရွာရှိ ဝန္ဒာပါလကျောင်းတိုက်မှ ကိုယ်ရင် ၃၁ ပါး ရန်ကုန်ရွှေပြည်သာမြို့နယ်ရှိ မောင်တော (၃) မိုင် ကျောင်းမှာ ပညာသင်ယူဖို့ မေ ၆ ရက်က သွားရောက်ခဲ့ရာ သံတွဲမြို့အထွက် စစ်ဆေးရေးဂိတ်က သွားခွင့်မပြုတဲ့အတွက် လည့်ပြန်ခဲ့ကြရတယ်လို့ လိုက်ပါပို့ဆောင်သူ ကိုထွန်းနိုင်က ပြောပါတယ်။
"ထက်မြတ်လှဲကျေးရွာက မိဘတွေ ပညာမသင်နိုင်ကြားနိုင်ကြတဲ့ ကလေးတွေကို ရန်ကုန်ရွှေပြည်သာမှာရှိတဲ့ မောင်တော (၃) မိုင်ကျောင်းမှာနေပြီး ပညာသင်ကြားနိုင်ဖို့ ပို့ဆောင်ကြတာ။ အဲဒါကိုအခြားဂိတ်တွေမှာ ဘာပြဿနမရှိခဲ့ဘူး။ သံတွဲမြို့အထွက် ဂိတ်ကစစ်ဆေးပြီး သွားခွင့်မပြုတာ။"
မိန်းကလေ ၁၃ ဦးနဲ့ ကိုယ်ရင် ၃၁ ပါးတို့မှာ အသက် ၈ နှစ်မှ ၁၅ အတွင်းအရွယ်မရောက်ကြသူတွေ ဖြစ်ကြပြီး မှတ်ပုံတင်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး လက်မှတ်တွေသာ ပါတဲ့အတွက် သွားခွင့်မပြုတာလို့ ဆိုပါတယ်။
မောင်တောမြို့ ၃ မိုင်ဆရာတော်ကြီးက "မြိုလူမျိုးတွေက တောတောင်တွေမှာပဲ နေထိုင်ပြီး အသက်မွေးနေကြရတာ။ မြို့မှာနေပြီး ပညာတွေသင်ဟူပြီး ပညာတတ်တွေဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီကလေးတွေကိုပို့တာ။ အာဏာပိုင်တွေက လူကုန်ကူးမူတွေနဲ့ အကျုံးဝင်နေတာကြောင့် သွားခွင့်မပြုဘူးလို့ ပြောတယ်" လို့ မိန့်ပါတယ်။
မောင်တော ၃ မိုင်ပရဟိတ္တကျောင်းဆရာတော်ဟာ ရန်ကုန်ရွှေပြည်သာမြို့နယ်မှာလည်း မောင်တော ၃ မိုင်ကျောင်းအမည်နဲ့ ပရဟိတ္တကျောင်းတကျောင်း တည်ထောင်ထားပြီး ပညာမသင်နိုင်တဲ့ မြိုလူမျိုးကလေးငယ်တွေကို ပညာသင်ပေးနေတာလို့ သိရပါတယ်။
ပုဏ္ဏာကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှာလည်း မြိုလူမျိုးတွေနေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ပညာမသင်နိုင်တဲ့ ကလေးငယ်တွေကို ရန်ကုန်ရှိပရဟိတ္တကျောင်းကို ပို့ဆောင်စဉ် အခုလို တားဆီးခံခဲ့ရတာပါ။။
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် မချစ်ချစ်ဖူးဟာ မွေးရာပါ မျက်လုံးကင်ဆာရောဂါဝေဒနာကို ခံစားရပြီး ဆက်လက်ဆေးကုသဖို့ ကုသစရိတ် လိုအပ်နေတယ်လို့ ဖခင်ဖြစ်သူ ဦးသန်းလှိုင်ဌေးက ပြောပါတယ်။
အသက် ၂ နှစ်အရွယ်ကစပြီး မျက်လုံးကင်ဆာဆိုတာသိခဲ့ရာက ၂၀၂၁ ခုနှစ် အသက် ၄ နှစ်အရွယ်ကစလို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ပြီး အခုအသက် ၆ နှစ်အရွယ်ထိ ဆေး ၄ ကြိမ်သွင်းပြီး နောက်ထပ် ၂ ကြိမ်သွင်းဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။
ဦးသန်းလှိုင်က "သမီးလေးက မွေးရာပါ မျက်လုံးကင်ဆာရောဂါကို ခံစားနေရတာပါ။ မျက်စိ တဖက်လည်း ဆုံးရှုံးလိုက်ရပါပြီ။ ကိုက်ခဲတာတွေ မြန်မြန်ပျောက်ချင်ပြီလို့ ခဏခဏ ပြောပါတယ်။ သမီးလေးရဲ့ မျက်စိကင်ဆာအမြစ်လေး သေးသွားမှ ခွဲလို့ရပါမယ်။ ဦးနှောက် ဓာတ်မှန်ရိုက်ပြီး နောက်တခေါက် ဆေးထပ်သွင်းရမယ်။ သမီးလေးရဲ့ ကင်ဆာရောဂါကို ကုပေးဖို့ တတ်နိုင်သလောက် ကူညီပေးကြဖို့ မေတ္တာရပ်ခံတယ်"လို့ ပန်ကြားပါတယ်။
ကလေးငယ်ဟာ ခံနိုင်ရည်အား မရှိသေးတာကြောင့် ခွဲစိပ်မှု မလုပ်ရသေးဘဲ နောက်ထပ်ဆေး ၂ ကြိမ် သွင်းပြီး သမီးဖြစ်သူ အသက် ၇ နှစ်အရွယ်ရောက်မှ ခွဲစိပ်မှုလုပ်ရမှာ ဖြစ်ကြောင်း၊ ဆေး ၁ ကြိမ် သွင်းပါက ကျပ် ၁၀ သိန်းကျော်ကုန်ကျပြီး ခုချိန်ထိ ကျပ်သိန်း ၅၀ ကုန်ကျပြီး ဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောပါတယ်။
လတ်တလော ချစ်ချစ်ဖူးဟာ အသက် ၄ နှစ်ကတည်းက ဘယ်ဘက်မျက်လုံး မမြင်ရတေ့ာဘဲ ကင်ဆာအမြစ်ဖြစ်သွားပြီး မျက်လုံးပေါက်ထွက်သွားတာပါ။
အွန်လိုင်းပေါ် ချစ်ချစ်ဖူးရဲ့ ပုံတွေကို အသုံးပြုပြီး လိမ်လည်အလှူခံတာတွေ ရှိနေပြီး ကိုယ်ချင်းစာ စိတ်နဲ့ သမီးလေးရဲ့ ပုံတွေကို အသုံးချပြီး မလိမ်ကြဖို့လည်း ဦးသန်းလှိုင်ဌေးက တောင်းပန်စကား ဆိုပါတယ်။
ဦးသန်းလှိုင်ဌေးဟာ ပန်းရံသမားဖြစ်ကာ အမျိုးသမီးဖြစ်သူကတေ့ာ အနီးပတ်ဝန်းကျင်မှာ အဝတ်လျှော်၊ မီးပူတိုက်တဲ့ အလုပ်ကို လုပ်ပြီး သမီးဖြစ်သူရဲ့ ကင်ဆာရောဂါကို ကုသဖို့ မိသားစု ဝင်ငွေနဲ့ မတတ်နိုင်တေ့ာလို့ အွန်လိုင်းပေါ် အကူအညီတောင်းပြီး အလှူခံနေရတာပါ။