close

မိဘမဲ့ကလေး

close

February 9, 2023

မိဘမဲ့ကလေး ၂၃၀ ကျော် စောင့်ရှောက်‌ပေးနေသည့် တွံတေး ပရဟိတဘုန်းကြီးကျောင်း မီးလောင်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားကြီးနယ်မြေက မင်္ဂလာပရဟိတဘုန်းကြီးကျောင်းမှာ ဖေဖော်ဝါရီ ၉ ရက် ဒီမနက်  ၆ နာရီ ၃၇ မိနစ်ခန့်က ဘုန်းကြီးကျောင်းရဲ့ စတိုခန်းရှိ မီးကြိုးကနေ ရှော့ဖြစ်လို့ မီးလောင်ခဲ့တယ်လို့ တွံတေးအခြေစိုက် စိတ္တသုခလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းမှာ မိဘမဲ့ကလေး ၂၃၀ ကျော်ကို ခေါ်ယူစောင့်ရှောက် ပညာသင်ကြားပေးနေတယ်လို့ သိရပြီး ကျောင်းအဝင်းအတွင်းက နှစ်ထပ်ကျောင်းဆောင်မှာ ဝါယာကြိုးရှော့ဖြစ်လို့ မီးလောင်ကျွမ်းခဲ့ရာမှ မနက် ၆ နာရီ မိနစ် ၅၀ မှာမီးငြှိမ်းသတ်နိုင်ခဲ့တာပါ။

မင်္ဂလာပရဟိတကျောင်းတာဝန်ရှိသူတဦးက "ကျောင်းမကြီး လောင်သွားတာ၊ ထိခိုက်ဒဏ်ရာတော့မရှိဘူး။ ပစ္စည်းတော့ တော်တော်ကုန်သွားတယ်။ နှစ်ထပ်ကျောင်းဆောင်ကြီး လောင်တာပါ။ ဧည့်ခံတဲ့ အဆောင်၊ ဘုရားခန်းဘက်က အကုန်ကုန်သွားတယ်။ သုံးပုံနှစ်ပုံလောက် လောင်သွားတာ၊ ဝါယာရှော့ဖြစ်တာ၊ ဘုရားခန်းအနောက်မှာ စတိုအခန်းတစ်ခန်းရှိတယ်၊ အဲ့အခန်းထဲမှာက အဝတ်အစားတွေ၊ ဗလာစာအုပ်က ဒါဇင် ၇၀၀ လောက် ရှိတယ်။ နောက် ကျောင်းစာအုပ်တွေ၊ ထီးတွေ၊ ဖိနပ်တွေ၊ ဆန်တွေ အကုန်လုံးပေါ့၊ စတိုလောင်တော့ ဘယ်လိုမှ ထိန်းလို့ မရတော့ဘူး။ မီးကြိုးတွေက အရင်ဆရာတော်ကြီး လက်ထက်ကတည်းကဟာတွေ ကြွက်တွေကိုက်ပြီးတော့ကို ဖြစ်တာ" လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ရှိပြီး ပြန်လည်တည်ဆောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။

ကျောင်းမှာက သံဃာတော် ၉ ပါး၊ ကိုရင် ၇ ပါး၊  ခေါ်ပြီးစောင့်ရှောက်ပေးထားတဲ့ ကျောင်းသားက ၂၃၀ ကျော်ရှိပြီး အချိန်မီ မီးငြိမ်းသွားလို့ ကျောင်းသားတွေနဲ့  စာသင်ကျောင်းဆောင်တွေကတော့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်မှာပဲ ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ မရမ်းကုန်း၊ မှော်ဘီတို့မှာလည်း မီးလောင်ကျွမ်းမှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

10 mins Ago

May 7, 2020

YGW ကျောင်းက ဆင်းရဲနွမ်းပါးကလေးငယ် ၄၀၀ ကျော် အလှုရှင်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာအနီးရှိ အဝါရောင်မျိုးဆက်သစ်လူငယ် မိဘမဲ့ကလေးများစောင့်ရှောက်ရေး (Yellow Generation Wave-YGW) ပရဟိတကျောင်းခွဲမှာ ကိုဗစ်ကပ်ရောဂါကြောင့် အလှူရှင်တွေ နည်းပါးနေပြီး လာရောက်ခိုလှုံနေကြတဲ့ ကလေးငယ်တွေရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ကျောင်းကို အကြောင်းအမျိုးမျိုးနဲ့ လာရောက်ခိုလှုံနေကြတဲ့ ကလေးငယ်ပေါင်း ၄၇၃ ယောက်ရှိပြီး တချို့က နေရပ်ပြန်ကြတဲ့အတွက် လက်ရှိမှာ နို့စို့အရွယ်ကလေးငယ်တွေ အပါအဝင် ၂၂၆ ယောက်ရှိနေတယ်လို့ တာဝန်ခံဆရာတော် ဘဒ္ဒန္တ ခေမာသီရိက မိန့်ကြားပါတယ်။ "နဂိုကမှာ လူသိနည်းလို့ အလှူရှင်က နည်းတဲ့အထဲ အခု ကိုဗစ်ရောဂါဖြစ်နေတော့ အလှူရှင်က မရှိသလောက်ဖြစ်သွားတာ။ လောလောဆယ်တော့ ကျောင်းရှိတာလေးတွေရယ်၊ အကြောင်းသိသူတွေက လာယူပေးပါဆိုပြီး လှူတာတွေရယ်နဲ့ ကျွေးမွေးနေတယ်။ တချို့ကလည်း ဆွမ်းကျွေးမယ့်ရက်ကို သတ်မှတ်ပြီးသားတောင် လာမလှူနိုင်တော့ဘူး။ တချို့တော့ Wave Money ကနေ ကုန်ကျစရိတ် လွှဲပေးတာတွေရှိတယ်။"  YGW ကျောင်းမှာ ရှမ်း၊ ကချင်၊ နာဂ၊ ချင်း၊ ရခိုင်၊ မွန်၊ ကရင်၊ ဗမာ စတဲ့ တိုင်းရင်းသားမျိုးစုံ လာရောက်ခိုလှုံနေကြတာပါ။ အများစုက မိန်းကလေးတွေနဲ့ ကလေးငယ်တွေပဲဖြစ်ပါတယ်။  ဒီကျောင်းမှာ ကူရာမဲ့နေတဲ့ မွေးကင်းစကနေ ဆင်းရဲနွမ်းပါးကလေးတွေ အများဆုံးဖြစ်ပါတယ်။ ကလေးငယ်အများစုကတော့ သူတို့ဒေသ မဖွံ့ဖြိုးတဲ့အတွက် ပညာကောင်းကောင်း သင်ယူခွင့်မရလို့ ပညာဆုံးခန်းတိုင် သင်ယူနိုင်ရေးအတွက် လာရောက်ခိုလှုံကြတာလို့ သိရပါတယ်။  ကျောင်းမှာ နေသူအားလုံးကို ၁၀ တန်းထိ ကျောင်းထားပေးပြီး ဆယ်တန်းပြီးလို့ ဆက်နေသူတွေကို တက္ကသိုလ်ထားပေးတယ်လို့ သိရပါတယ်။  ကျောင်းမှာတော့ ယောက်ျားလေးတတွေကို ရှင်ပြုပေးတာ၊ မိန်းကလေးတွေကို သီလရှင်ဝတ်ပေးတာတွေလည်း ရှိပါတယ်။  ဒါ့အပြင် အားကစား၊ မြန်မာ့သိုင်း၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှု၊ အချက်အပြုတ်၊ ပန်းရံ၊ လက်သမား ပညာရပ်တွေကိုလည်း သင်ကြားပေးနေပါတယ်။  ကျန်းမာရေးအတွက်လည်း မြင်းမူမြို့နယ်ဆ ဆရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ အနီးအနားက သံချပ်ကာတပ်ရင်းတို့က ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးတယ်လို့ သိရပါတယ်။  လက်ရှိမှာ ကလေးငယ်တွေအတွက် အစားအသောက်၊ အဝတ်အထည်တွေ အပြင် နို့စို့အရွယ်ကလေးငယ်တွေအတွက် နို့မှုန့်၊ သေးခံ စတာတွေကအစ လိုအပ်နေပါတယ်။
3 years Ago
Up