ပိုလန်နိုင်ငံရှိ မိဘမဲ့ဂေဟာတခုကို မေ ၉ ရက် နှောင်းပိုင်းက အမျိုးသားတဦး ဝင်ရောက်လာခဲ့ပြီး ဓားနဲ့တိုက်ခိုက်မှုအတွင်း အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး ၁ ဦး သေဆုံးပြီး တခြားလူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အလယ်ပိုင်းမြို့ဖြစ်တဲ့ လော့ဒ်ဇ်မြို့ရှိ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ မေ ၉ ရက်က ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ လော့ဒ်ဇ်မြို့အနီးရှိ တိုမစ်စ်-လာဝစ်ချေရွာရှိ မိဘမဲ့ဂေဟာကို အသက် ၁၉ နှစ်အရွယ် အမျိုးသားတဦး ဝင်ရောက်လာပြီး ဒေသခံတွေကို ချွန်ထက်တဲ့အရာနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာနေတာ ဆိုဘီယေရာဂျ်က ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် လူ ၅ ဦးကို ဆေးရုံတင်ထားရပြီး သူတို့ရဲ့ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ ဆိုဘီယေရာဂျ်က ပြောပါတယ်။ တခြားလေးဦးကိုတော့ အခင်းဖြစ်နေရာမှာ ကုသပေးခဲ့ပါတယ်။
မိဘမဲ့ဂေဟာက တခြားမိန်းကလေးတွေလည်း စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုကို ခံယူထားကြောင်း ရှဲ့ရားဒ်စ်ခရိုင်အုပ်ချုပ်ရေးမှူး မာရီယူစ် ဘာ့ဒ်ဂျောက ပြောပါတယ်။
အခင်းဖြစ်ပွားပြီး ၁ နာရီလောက်အကြာမှာ တိုက်ခိုက်သူကို သူနေထိုင်တဲ့နေရာမှာ ဖမ်းဆီးနိုင်ခဲ့ပြီး ခုခံတုံ့ပြန်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဖမ်းခံရချိန်မှာ အရက်မူးနေတာ မရှိပေမဲ့ ရဲတွေက မူးယစ်ဆေးဝါးအတွက် စစ်ဆေးနေတယ်လို့ ဆိုဘီယေရာဂျ်က ပြောပါတယ်။
အစိုးရရှေ့နေတွေဟာ တိုက်ခိုက်သူနဲ့ သေဆုံးသူ ဆယ်ကျော်သက်မိန်းကလေးတို့ရဲ့ ဆက်နွှယ်မှု အပါအဝင် သေဆုံးသူရဲ့ နောက်ဆုံးကာလ အစိတ်အပိုင်းအားလုံးကို စုံစမ်းစစ်ဆေးနေကြောင်း ခရိုင်အစိုးရရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူ ယိုလန်တာ စကိလ်န်ရှ် က ပြောပါတယ်။
တိုက်ခိုက်သူဟာ မိန်းကလေးရဲ့ ရည်းစားဟောင်းဖြစ်ကြောင်း အစိုးရပိုင် PAP သတင်းဌာနက သူ့ရဲ့သတင်းရင်းမြစ်ကို အမည်မဖော်ဘဲ ထုတ်ပြန်ပါတယ်။
PAP ရဲ့ အဆိုအရ သူဟာ ပြတင်းပေါက်ကနေ မိန်းကလေးရဲ့ အခန်းထဲကို ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်သူရဲ့ အထောက်အထားကို ရိုက်တာက ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။
တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ဝန်ထမ်း ၁ ဦး အပါအဝင် လူ ၁၃ ဦးဟာ မိဘမဲ့ဂေဟာမှာ ရှိနေခဲ့ပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် (၂) ဂျပန်လမ်းမှာရှိတဲ့ မိဘမဲ့ဂေဟာက ကလေး ၁၄ ယောက်မှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ဂေဟာကို ဇူလိုင် ၁၆ နေ့က စတင် အသွားအလာ ကန့်သတ်ထားပါတယ်။
မိဘမဲ့ဂေဟာမှာ ကလေးတချို့ မျက်လုံးနီရဲနေတာ၊ အနံ့ပျောက်တာတွေ ဖြစ်ပေါ်နေလို့ ခရိုင် ကျန်းမာရေးဦးစီးဌာနက လာရောက် စစ်ဆေးပေးရာမှာ ကလေးငယ် ၁၄ ယောက်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့တဲ့ ကလေးတွေကို သီးခြားအိမ်တစ်လုံးမှာ ထားရှိပြီး ဂေဟာက ဝန်ထမ်းတွေကို စစ်ဆေးရာမှာတော့ ပိုးကူးစက်တာမတွေ့ရပါဘူး။
မြစ်ကြီးနား မြို့နယ်အတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း၊ မျက်မမြင်ကျောင်း အပါအဝင် စားသောက်ကုန်ဆိုင်တွေနဲ့ လူနေအိမ်တွေကို အသွားအလာကန့်သတ်ထားပါတယ်။
ဇူလိုင် ၁၃ ရက်နေ့က စတင်ကာ မြစ်ကြီးနားမြို့နယ်ကို Stay at Home မြို့နယ် အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက် ည ၈ နာရီမှ ဇူလိုင် ၁၅ ရက်ည ၈ နာရီအတွင်း ကချင်ပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂၂ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပြီး မြစ်ကြီးနားမြို့နယ်မှာတော့ ကူးစက်ခံရသူ ၃၉ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။