မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ရန်ကုန်မှ ရခိုင်ပြည်နယ်ကို ပြေးဆွဲတဲ့ အဝေးပြေးယာဥ်နဲ့ လေကြောင်းလိုင်းခရီးစဥ်တွေကို ရပ်နားထားတယ်လို့ သိရပါတယ်။
မုန်တိုင်းဝင်ရောက်နိုင်တဲ့ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ စတဲ့မြို့တွေကို ပြေးဆွဲတဲ့ ဘတ်စ်ကားတွေဟာ ဒီနေ့ ရပ်နားလိုက်တာဖြစ်ပြီး ရက်ဘယ်လောက်ကြာမယ်ဆိုတာတော့ မသိရသေးဘူးလို့ ယာဥ်လိုင်းတချို့က ပြောပါတယ်။
အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ရခိုင်ယာဥ်လိုင်းတခုရဲ့ တာဝန်ခံက "လမ်းမှာဖြစ်လာမယ့် အန္တရာယ်ကြောင့်ရော၊ မုန်တိုင်းကြောင့် ခရီးသွားပါးတဲ့အတွက် ဂိတ်ပါတော်တော်များများ ဒီနေ့ကစပြီးမထွက်တော့ဘူး။ လမ်းပန်းဆက်သွယ်ရေးအခြေအနေပေါ်မူတည်ပြီး ပြန်ဆွဲဖို့ ချိန်ရမှာ။"
ဒါအပြင် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ လေကြောင်းလိုင်းခရီးစဥ်တွေကိုလည်း မေလ ၁၅ ရက်အထိ ပျံသန်းပြေးဆွဲတာ ရပ်သွားမယ်ဆိုပြီး အဲဒီဒေသကိုပြေးဆွဲနေတဲ့ MAI နဲ့ Air KBZ လေကြောင်းလိုင်းတွေက ကြေညာထားပါတယ်။
မိုခါမုန်တိုင်းဟာ ဒီနေ့ (မေ ၁၃) ညနေကစပြီး စစ်တွေမြို့အနီး ဝင်ရောက်နိုင်မယ်လို့ မိုးလေဝသဌာနတွေက ခန့်မှန်းထားပြီး စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မောင်တော၊ မြေပုံ၊ မာန်အောင်မြို့နယ်တွေကို ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ အနီရောင် အဆင့်ဒေသများအဖြစ် သတ်မှတ်ထားပါတယ်။
မုန်တိုင်းကုန်းတွင်း ဝင်ရောက်ချိန် လေတိုက်နှုန်မှာ တနာရီ မိုင် ၁၃၀ အထိ ရောက်ရှိနိုင်တာကြောင့် ဖျက်အားပြင်းမုန်တိုင်းအဖြစ် သတိပေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) ဟာ အရှေ့မြောက်ဘက်ဆီ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၄၅ မိုင်လောက်နဲ့ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက်ရေမိုင် ၃၁၀ လောက်အကွာမှာ ရောက်ရှိနေတယ်လို့ စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ဒီကနေ့ မေ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ နောက်ဆုံး ထုတ်ပြန်ထားတာဖြစ်ပြီး အဆိုပါ မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းမြို့ကနေ အနောက် ဘက်ရေမိုင် ၂၇၅ မိုင်လောက်နဲ့ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ အနောက်မြောက်ဘက် ရေမိုင် ၃၂၀ လောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေ မိုင် ၃၅၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေကတော့ ၁ နာရီကို မိုင် ၉၀ ကနေ ၁၁၀ လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေကတော့ ၁ နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင် လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအမြင့်ဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၄ ပေကနေ ၁၈ ပေလောက်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၉ ပေကနေ ၁၃ ပေလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင် လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်ထူထပ်နေတယ်လို့ ဖော် ပြပါတယ်။
မနက်ဖြန် မေ ၁၄ ရက် မနက်ပိုင်းအထိ ခန့်မှန်းချက်မှာတော့ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့ အပြားမိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မ န္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တွေမှာတော့ ဒေသအလိုက်နဲ့ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တွေမှာ နေရာ ကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ဟာ မေ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေမြို့အနီးကနေ ဝင်ရောက်နိုင်တာကြောင့် မိုးဇလဌာနကနေ အနီရောင်အဆင့် ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိ မုန်တိုင်းရဲ့ ဗဟိုလေတိုက်နှုန်းဟာ တနာရီကို မိုင် ၁၃၀ ကျော် တိုက်ခတ်နေပြီး မုန်တိုင်းရဲ့ ပြင်းအား အရှိန်ကြောင့် မုန်တိုင်းဒီရေလည်း ဝင်ရောက်နိုင်ကာ ကျောက်ဖြူနဲ့ စစ်တွေကြား အမြင့်ဆုံး ၇ ပေ၊ ၈ ပေလောက်ရှိတဲ့ မုန်တိုင်းဒီရေလှိုင်း (Storm Surge) ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သုတေသီတယောက်က ခန့်မှန်း ပြောဆိုပါတယ်။
"အခုလောလောဆယ် လက်ရှိ အချိန်မှာ မုန်တိုင်းရဲ့ ဗဟိုလေတိုက်နှုန်းက တနာရီကို ၁၃၀-၁၃၁-၁၃၂ ပတ်ဝန်းကျင်လောက် လေတိုက်နှုန်း ပြင်းနေတယ်။ မုန်တိုင်း အခုလက်ရှိ ရောက်နေတဲ့နေရာက ရခိုင်ကမ်းရိုးတန်းအဆုံး တောင်ဘက်အစွန်၊ မော်တင်စွန်းရဲ့ အနောက်ဘက်တည့်တည့် မိုင် ၂၈၀ ကျော်လောက်မှာ ရောက်နေပါတယ်။ အဲ့ဒီကနေ အရှေ့မြောက်ဘက်ကို ရွေ့နေတယ်။ ဆက်ပြီး ရွေ့နေပြီးတော့ ခန့်မှန်းချက်ကတော့ မုန်တိုင်းရဲ့ ဗဟိုကတော့ ၁၄ ရက်နေ့ ညနေပိုင်းလောက်မှာ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားထဲ အဲဒီက တနေရာရာက ကုန်းတွင်းကို ဖြတ်ပြီး ဝင်သွားမယ်။ အဲ့လို ခန့်မှန်းထားပါတယ်။ ဒါနောက်ဆုံး အဆင့်ပါ။
"မုန်တိုင်းဒီရေအခြေအနေက စစ်တွေအနီးဝန်းကျင် စစ်တွေမြို့ဘက်ကနေ မြောက်ဘက် ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ နေရာရယ်၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်အထိ နေရာကို အနိမ့်ဆုံး ၁ ပေခွဲ ၂ ပေဝန်းကျင်ကနေ အမြင့်ဆုံး ၇ ပေ၊ ၈ ပေလောက်အထိ ရိုက်ဖို့ ရှိတယ်။ မုန်တိုင်းဒီရေက မြစ်တွေ ချောင်းတွေမှာလို တအိအိ တက်လာတာ မဟုတ်ဘူး။ ၇ ပေလောက်မြင့်တဲ့ ရေထုထည် တန်ပေါင်းများစွာရှိတဲ့ ရေထုထည်က အရှိန်နဲ့ အဟုန်နဲ့ ကမ်းခြေကို ဖျောင်တာ။ ဒါကို မုန်တိုင်းဒီရေလို့ ခေါ်တယ်။ အရမ်းအားပြင်းတယ်။ ဖျက်ဆီးနိုင်စွမ်း တအားကြီးတယ်။ မုန်တိုင်း တလုံး ကုန်တွင်းကို ဝင်ပြီဆိုရင် ဖျက်ဆီးနိုင်စွမ်း တအားအပြင်းဆုံးနဲ့ လူ့အသက်ကို သေစေနိုင်တာ လေတအားပြင်းလို့ မဟုတ်ဘူး။ မုန်တိုင်းဒီရေ (Strom Surge) ကြောင့် ဖြစ်တယ်"လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
မုန်တိုင်း ဝင်ရောက်စဉ် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တောခရိုင်ရှိ မြစ်ဝ မြစ်လက်တက်တွေမှာ မုန်တိုင်းဒီရေ (၁၄) ပေကနေ (၁၈) ပေလောက်အထိ၊ ကျောက်ဖြူခရိုင်ရှိ မြစ်ဝမြစ်လက်တက်တွေမှာ (၁၀) ပေကနေ (၁၄) ပေလောက်အထိ မြင့်တက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းအတွက် ဒေသမှာ ကြိုတင်ပြင်ဆင်တာ၊ တိမ်းရှောင်တာတွေ လုပ်နေပြီး သက်ကြီးရွယ်အိုနဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ ဒုက္ခသည်စခန်းမှာ ရှိကြသူတွေက နီးစပ်ရာ စာသင်ကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့ ရခိုင်ပြည်နယ် ဘူးသီးတောင် ဒေသခံတယောက်က ပြောပါတယ်။
"ဒီမှာက လက်ရှိက မိုးတိမ် ထူထပ်နေတယ်။ မိုးရွာနေတယ်။ မိုးက နည်းနည်းပဲရွာတာ။ အများကြီး မရွာသေးဘူး။ မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ လှည့်ပြီးတော့ ကြေညာနေတာ ရှိတယ်။ သက်ကြီးရွယ်အိုတွေဆို တနေရာမှာ ပို့ထားတယ်။ အခု လောလောဆယ် စာသင်ကျောင်းတွေမှာ။ ကျနော်တို့ဆို အထုတ်တွေ ပြင်ထားတယ်။ လေတိုက်ရင် ရှောင်လို့ရအောင်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပြင်ထားတယ်။ ရေတွေဆိုလည်း အလုံအလောက် ထည့်ထားတယ်။
"ရာသီဥတုက ပြောင်းလဲနေပြီ။ မှောင်မည်းနေတယ် ရာသီဥတုက။ အကုန်လုံးက စိုးရိမ်နေတာပဲ။ မုန်တိုင်းတိုက်လာရင် ဘယ်လိုလုပ်မလဲဆိုတာ အကုန်စိုးရိမ်နေတယ်။ တာဝန်ရှိသူတွေကတော့ ကားနဲ့လှည့်အော်နေတာပဲ ရှိတယ်။ ပရဟိတအပိုင်းကတော့ မုန့်တွေ လာပို့တယ်။ အစိုးရပိုင်းကတော့ ဘာမှ လှုပ်ရှားတာ မရှိသေးဘူး။ လိုက်ကြေညာတာပဲ ရှိသေးတယ် မြို့ကို ကားနဲ့ ပတ်ပြီးတော့"လို့ ရခိုင်ပြည်နယ် ဘူးသီးတောင် ဒေသခံ တယောက်က ပြောပါတယ်။
မုန်တိုင်းဝင်ရောက်စဉ် ရခိုင်ပြည်နယ်မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို မိုင် ၁၀၀ ကနေ ၁၁၀ လောက်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီ မိုင် ၄၀ ကနေ မိုင် ၆၀ လောက်အထိ တိုက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
မိုခါ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးမြေပြို တာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှု အန္တရာယ်နဲ့ ကမ်းရိုးတန်း တလျှောက် မြစ်ချောင်းအင်းအိုင်တွေနား နေထိုင်သူတွေ ရေကြီးရေလျှံ သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။