စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာမြို့နယ်အတွင်း စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် တစ်တိုင်ကို ဆရာစံ - YMB PDF တပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲလောက် မိုင်းခွဲ ဖြိုလှဲခဲ့တယ်လို့ သိရပါတယ်။
ဆရာစံ YMB-PDF အဖွဲ့ အနေနဲ့ စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် ၇ တိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ၃ တိုင်ဖြိုလှဲခဲ့တာပါ။
တာဝါတိုင်က ရလာတဲ့ ကုန်ကြမ်းပစ္စည်းတွေကို Mytel MM ပြုလုပ်ပြီး စစ်ကောင်စီ တပ်သားတွေကို တိုက်လိုက်လာတာ ၁၅ ကြိမ်ရှိပြီလို့ ဆရာစံ YMB-PDF ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တဲ့သဘောဖြစ်ပြီး မိုင်တဲလ်တာဝါတိုင်က ရလာတဲ့ ကုန်ကြမ်းတွေကို စစ်ကောင်စီအား တိုက်ခိုက်ဖို့ အလေအလွင့်မရှိအသုံးချသွားမယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ ပြည်သူလူထုတွေက စစ်တပ်ထုတ်ကုန်တွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြတာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေကလည်း စစ်ကောင်စီထောက်တိုင်တွေက ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရွာသာအေးကျေးရွာမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ကို ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ နာရီလောက်မှာ ရေး PDF မြောက်ပိုင်းအဖွဲ့က မိုင်းခွဲ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၀င်ငွေစီးဆင်းမှုတွေ ရပ်တန်အောင် အခုလို မိုင်တဲလ်တာဝါတိုင်ကို ဒေသ ကာကွယ်ရေးတပ်တွေက မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။
မိုင်းခွဲဖျက်ဆီးခံရတာကြောင့် လက်ရှိ မိုင်တဲတာဝါတိုင် ပျက်စီးမှုရဲ့ အခြေနေကိုတော့ မသိရသေးဘူလို့ ဆိုပါတယ်။
သံဖြူဇရပ်မြို့အတွင်း စစ်ကောင်စီရဲ့ ဆက်သွယ်ရေး မိုင်တဲလ်တာဝါတိုင် ဒီနေ့အထိ ၂ ခုမြောက် ဖျက်ဆီးခံထားရပြီး မွန်ပြည်နယ်အတွင်းမှာတော့ မြေအောက်ဆက်သွယ်ရေးလိုင်းတွေ အပါဝင် မိုင်တဲလ် တာဝါတိုင်အနည်းဆုံး ၁၀ ခု လောက် ဖျက်ဆီးခံထားရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံအနှံ့ မိုင်တဲလ်ကုမ္ပဏီရဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေ ၃၆၀ ကျော် ဖျက်ဆီးခံခဲ့ထားရပြီး တာဝါတိုင်တစ်စုံလုံးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၂၀၀၀ ဝန်းကျင် ရှိပြီး ကျပ်ငွေ ၇၂ ဘီလီယံအထိ ဆုံးရှုံးထားတယ်လို့ သိရပါတယ်။