ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၄၊ ရေကန်တောင်လမ်းပေါ်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ မိုင်တဲလ်ရုံးရှေ့မှာ အောက်တိုဘာ ၂၆ ရက်နေ့ည ၆ နာရီခွဲအချိန်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတစ်ဦးက "ရေကန်တောင်လမ်းက မိုင်တဲလ်ရုံးရှေ့ ပေါက်ကွဲမှုဖြစ်ခဲ့တယ်။ ပေါက်ကွဲသံ အတော်ကျယ်တယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၄ ရက်နေ့က လားရှိုးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ်ရင်း ၂ ခု ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
လားရှိုးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တွေကြား ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာရှိပါတယ်။
ဒါ့အပြင် လားရှိုးပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်တပ် (PSDA-LSO) ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ကြေညာထားပါတယ်။
လားရှိုးမြို့မှာ မိုင်တဲလ်ရုံးရှေ့ ပေါက်ကွဲမှုဟာ ဒီတကြိမ်က ပထမဆုံးဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်လာတာမရှိသေးသလို့ ထိခိုက်ဆုံးရှုံးမှုကို စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မိုင်တဲလ်ရုံးက CDM ပြုလုပ်ထားတဲ့ အင်ဂျင်နီယာတဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၈ ရက် ည ၁၀ နာရီခွဲလောက် အောင်ချမ်းသာ၊ နယ်မြေ (၅) က နေအိမ်တစ်အိမ်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“အခုဖမ်းခံရသူက CDM ပြုလုပ်ထားတာကြာပြီ။ ဒီရပ်ကွက်မှာ လာနေတယ်။ ဘယ်လို သတင်းရလို့ မသိဘူး။ သူ့ကို စစ်ကားတွေအများကြီးနဲ့ လာဖမ်းဆီးသွားတယ်။”
မုံရွာမြို့မှာ စက်တင်ဘာလအတွင်း မိုင်တဲလ် တာဝါတိုင် ၁ တိုင်၊ စစ်ကိုင်းတိုင်း မိုင်တဲလ် ရုံးခွဲနဲ့ မြန်မာဘီယာရုံးတို့ကို ဖောက်ခွဲမှုတွေ ပြုလုပ်ခံရပြီးနောက် CDM ပြုလုပ်တဲ့ မိုင်တဲလ် ရုံးဝန်ထမ်းတွေကို အခုလို မတရားလိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။