ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီစာ အထက ကျောင်းခွဲမှာ နိုဝင်ဘာ ၂၆ ရက် ဒီမနက်က မိုင်းပေါက်ကွဲပြီး ဆရာ/ဆရာမနဲ့ ကျောင်းသူ ကျောင်းသားအပါအဝင် အနည်းဆုံး ၆ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီမနက် ၈ နာရီ ၁၅ မိနစ်လောက်က ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေ ကျောင်းကိုအလာ ကျောင်းအဝင်ဝနားမှာ မိုင်းပေါက်ကွဲမှုဖြစ်လို့ ထိခိုက်ဒဏ်ရာရသူတွေကို ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်မြို့နယ် ဥက္ကဋ္ဌ ကိုဂျက်က ဒီဗွီ ဘီကို ပြောပါတယ်။
“မိုင်းထိဒဏ်ရာရသူတွေရှိတယ်ဆိုပြီး ဖုံးဆက်လာတော့ ကျနော်တို့အဖွဲ့က ကား ၂ စီးနဲ့ လူနာတွေကို သွားသယ်ပြီး ဖားကန့်ဆေးရုံပို့ထားပေးပါတယ်။ ဒဏ်ရာက သူတို့ ကျောမှာ ၊ ဗိုက်မှာ ၊ ခြေထောက်နဲ့ ပေါင်တွေမှာထိတယ်၊ စုစုပေါင်း ၆ ယောက်။ ဆိုင်ကယ်သမား ၁ ယောက်၊ ပြီးတော့ ဆရာ ၁ ယောက် ၊ ဆရာမ ၂ ယောက် နဲ့ ကျောင်းသူ ၂ ယောက် ၊ အဲဒီထဲမှာ ဆိုင်ကယ်သမားနဲ့ ကျောင်းဆရာတစ်ယောက်က သွေးထွက်လွန်တော့ စိုးရိမ်ရတယ်။ ”
မျက်မြင်တွေပြောပြချက်အရ ဆိုင်ကယ်သမားက အရင်ဆုံးကျောင်းရှေ့ဖြတ်လာရာမှာ ထောင်ထားတဲ့မိုင်းပေါက်တာဖြစ်ပြီး နောက်ကလိုက်လာတဲ့ ဆရာဆရာမနဲ့ ကျောင်းသူတွေပါ ထိကုန်တာလို့ ဒေသခံက ပြောတယ်။
အဆိုပါပေါက်ကွဲမှုမှာ ကျောင်းဆရာ ၂ ယောက်၊ ဆရာမ ၃ ယောက်၊ ကျောင်းသား ၁ ယောက် ၊ ကျောင်းသူ ၁ ယောက်နဲ့ ကျောင်းသားမိဘ ၁ ယောက် စုစုပေါင်း ၈ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကောင်စီပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
ကျောင်းအုပ်ဆရာမကြီးက လိုက်ထရပ်ကားမောင်းလာပြီး ကျောင်းကွေ့အဝင် မြောင်းနားမှာ ရှိတဲ့ မိုင်းပေါက်ကာ ကားနောက်ဘီးပွင့်သွားတာလို့ ဆိုပါတယ်။ အဆိုပါ စာသင်ကျောင်းမှာ ဒီလ ၆ ရက်နေ့ကလည်း မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး အဲတုန်းကတော့ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ ဇူလိုင် ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး မိုင်းထိသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင် ၁၈ ရက်က စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၁၇ စီးပါ စစ်ယာဉ်တန်းဟာ ကေအန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက်လာရာ ကား ၁ စီး မိုင်းထိပေါက်ကွဲခဲ့ပါတယ်။
အဆိုပါမိုင်းထိပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့တဲ့ကားကို စစ်တပ်က မနေ့က လာရောက်စစ်ဆေးစဉ် ထပ်မံပြီး မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာလို့ ကတိုင်တိကျေးရွာနေ မျက်မြင် ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။
“မိုင်းထိထားတဲ့ကားကို စစ်ဆေးနေချိန်မှာ နောက်ထပ်မိုင်းတစ်လုံး ထပ်ပေါက်တယ်။ အဲဒီပေါက်ကွဲမှုကြောင့် သူတို့တပ်ဖွဲ့ဝင် ၅ ယောက် ပွဲချင်းပြီး သေတယ်။ ၆ ယောက် ဒဏ်ရာရတယ်” လို့ မျက်မြင်ဒေသခံရွာသားတစ်ဦးက ဆိုပါတယ်။
မိုင်းထပ်ကွဲတဲ့နေရာကို ကတိုင်တိကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရသူတွေကို ကမမောင်းမြို့ကို ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရှိရကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကေအန်ယူသတင်းဌာနက သတင်းထုတ်ပြန်ထား ပါတယ်။