မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံရွာအနီးနားက ဂက်စ်ပိုက်လိုင်းတခုကို ဇန်နဝါရီ ၁၆ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီကျော်အချိန်က မိုင်း ၂ လုံးခွဲလိုက်တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။
ဂက်စ်ပိုက်လိုင်း မိုင်းခွဲခံရတဲ့အတွက် ပျက်စီးမှုရဲ့ အခြေအနေကိုတော့ မသိရှိရသေးဘဲ အဓိက စစ်ကောင်စီရဲ့ ဝင်ငွေစီးဆင်းမှုတွေ ရပ်တန့်သွားအောင် အခုလို အဝေးကနေ ခလုတ်နှိပ်ပြီး မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။
ဂက်စ်ပိုက်လိုင်း မိုင်းခွဲခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က အနီးအနား ပတ်ဝန်းကျင်တွေကို ရဟတ်ယာဉ်နဲ့ ပျံဝဲနေပြီး စစ်ဆင်ရေးတွေ လှုပ်ရှားလာနိုင်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ရေး PDF မှ စစ်ကောင်စီရဲ့ ၀င်ငွေစီးဆင်းမှုတွေ မလည်ပတ်နိုင်အောင် ဆက်သွယ်ရေး Mytel တာဝါတိုင်တွေ ၅ ခု၊ မြေအောက်ဆက်သွယ်ရေးလိုင်းတွေနဲ့ အခု ကံပေါက်ကနေ မွန်ပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ဂက်စ်ပိုက်လိုင်းကို ထပ်မံဖျက်ဆီးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းပေါ်မှာရှိတဲ့ ရေကျော်တံတား ၁ ခုကို နိုဝင်ဘာ ၇ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
မိုင်းခွဲခံလိုက်ရတဲ့ ရေကျော်တံတားဟာ ၅ မိုင်တိုးဂိတ်အနီးက တံတားဖြစ်ပြီး မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းပေါ်မှာဖြစ်ပါတယ်။
အဲဒီတံတားကို နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီဝန်းကျင်လောက်က မိုင်းခွဲခံခဲ့ရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တံတားပျက်စီးသွားတာကြောင့် ကားများ သွားလာလို့ မရတော့ဘဲ လက်ပံကျေးရွာနဲ့ နဘူးတောကျေးရွာတွေဘက်က ရှောင်ကွင်းသွားလာနေကြရတယ်လို့ သိရပါတယ်။
ရှောင်ကွင်းသွားလာရတဲ့ မြေသားလမ်းပိုင်းဟာ ကျဥ်းမြောင်းသလို သွားလာရခက်ခဲတာကြောင့် ယာဥ်ပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ယခင်တုန်းကလည်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းပေါ်က ရေကျော်တံတား ၁ ခု မိုင်း ခွဲ ဖျက်ဆီးခံခဲ့ရပြီးဖြစ်သလို ယခုရေကျော်တံတားဟာ ဒုတိယမြောက် ဖျက်ဆီးခံရတဲ့ တံတားဖြစ်ပါတယ်။
တံတားဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးသလို ထုတ်ပြန်ကြေညာတာလည်း မရှိသေးပါဘူး။