စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့မှာ မတ် ၂ ရက် မိုင်းထောင်ဖောက်ခွဲဖို့ ကြိုးစားမှုအပြီး ဖမ်းဆီးခံရတဲ့ ဒေသခံ ၅ ယောက်ထိ ရှိလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မတ် ၂ ရက် ည ၈ နာရီက အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက် လမ်းဆုံမီးပွိုင့်မှာ စစ်ကောင်စီလှည့်ကင်းကားကို မိုင်းဆွဲဖို့ ပြင်နေတဲ့ PDF နှစ်ယောက် ကိုယ်တိုင်မိုင်းကွဲပြီး သေဆုံးခဲ့တယ်လို့ Indaw Revolution IR က ထုတ်ပြန်ပြောဆိုပြီးနောက် အခုလို ဖမ်းဆီးတာတွေ ရှိလာတာပါ။
မတ် ၃ ရက်မှာ အမျိုးသမီး ၃ ယောက် ဖမ်းဆီးခံရပြီး ၄ ရက်နေ့မှာ လူငယ်အမျိုးသား ၂ ယောက် ထပ်မံ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းခံရသူ အမျိုးသမီး ၃ ယောက်ဟာ အသက် ၄၀ ဝန်းကျင်တွေဖြစ်ပြီး ကလေးငယ်တွေရှိတဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။
လတ်တလော ဖမ်းဆီးခံတဲ့ ၅ ယောက်နဲ့ပတ်သက်ပြီး အခုထိ ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆို မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေကို ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာ မသိရသေးဘူးလို့ လည်း မြို့ခံတွေက ဆိုပါတယ်။
အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု နားရခေါင်ရွာ ကားလမ်းပေါ်မှာလည်း ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ကာ မတ် ၄ ရက်အထိ PDF အယောင်ဆောင်ကာ စစ်တပ်က စစ်ဆေးနေတယ်လို့ Indaw Revolution-IR အဖွဲ့က ပြောပါတယ်။
IR အဖွဲ့တာဝန်ရှိသူက "PDF ပုံစံဖမ်းထားတဲ့ စစ်ကောင်စီတပ်တွေပါ။ ဒီနေ့ရောဆို ၅ ရက် ရှိပါပြီ။ ပြည်သူတချို့က PDF တွေနဲ့ မှားနေကြလို့ပါ။ တချို့ဆို PDF ထင်ပြီး မုန့်တွေ၊ ပိုက်ဆံတွေတောင် ပေးကြတယ်လို့ သိရတယ်" လို့ ပြောပါတယ်။
စစ်တပ်ကာ အရှေ့ကနေ ဂိတ်ထိုင်စစ် ဆေးပြနေပြီး နောက်မှာ ကင်းပုန်းတွေ ဝပ်နိုင်တာကြောင့် ခရီးသွားတွေ ဂရုစိုက်သွားလာကြဖို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန် အသိ ပေးထားပါတယ်။
မနေ့မနက် ၁၁ နာဝန်းကျင်အချိန်မှာလည်း နားရခေါင်ရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်က ကျွန်းတောလမ်းအတိုင်း နဘားဘက်ကို ဝင်လာကာ နဘားလမ်းဆုံကို ထွက်ခွာသွားတယ်လို့ IR အဖွဲ့က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့မရဲစခန်းအနီးက ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် အဆောက်အဦ တခုလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
သံဖြူဇရပ်မြို့မရဲစခန်းအနီးရှိ အုပ်ချုပ်ရေးမှူးဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၅ နာရီခွဲလောက်မှာ မိုင်းထောင် ဖောက်ခွဲခံလိုက်ရတာ ဖြစ်ပါတယ်။
မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အဆောက်အဦ တခုလုံးနီးပါး ပြိုကျပျက်စီးခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
“မနက်က အသံအကျယ်ကြီးပဲ မိုင်းပေါက်တာ၊ ပြီးမှ အုပ်ချုပ်ရေးမှူးရုံးမှာ မိုင်းကွဲတာလို့ သိရပါတယ်။ ဒီအုပ်ချုပ်ရေးမှူးရုံးက ရဲစခန်းနဲ့နီးနီးလေး လှမ်းကြည့်မြင်ရတယ်။ အခုတော့ ရဲတွေ ခြေရှုပ်နေတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သံဖြူဇရပ်မြို့ အဝင်အထွက်နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
သံဖြူဇရပ်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ၆ ရုံးထက်မနည်း မိုင်းထောင်ဖောက်ခွဲခံထားရပါတယ်။