မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ မေ ၇ ရက် မနက်က စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက Short Range Missile ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူ သိန်းငှက်နက် တော်လှန်ရေးတပ်ဦး တာဝန်ခံ ဗိုလ်မိုရှေက ပြောပါတယ်။
လက်လုပ်လက်နက်ကြီး ၄ လုံးကတော့ ပစ်မှတ်ကိုမရောက်ဘဲ လေပေါ်မှာပဲ ပေါက်ကွဲပြီး ၈ လုံးကတော့ ပစ်မှတ်ကို တည့်တည့်ကျရောက်ပေါက်ကွဲကာ ၆ လုံးတန်း လက်နက်ဂိုဒေါင်တခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်မိုရှေက “အတွင်းသတင်းရတာကတော့ သူတို့ဘက်က လူထိခိုက်မှုမရှိဘူး။ ပထမတလုံးကျတာနဲ့ အကုန်လုံး ထွက်ပြေးကြတယ်ပြောတယ်။ ကင်းသမားတွေကော အပြင်ရောက်နေတဲ့ ပတ်ကင်းပတ်နေတဲ့သူတွေကော ဘယ်ကပစ်လို့ ပစ်မှန်းမသိဘဲ ထွက်ပြေးကြတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း စက်ရုံအနီးတဝိုက်မှာ အင်အားအလုံးအရင်းနဲ့ ပတ်ကင်းပတ်ပြီး လက်နက်ငယ်တွေ၊ စက်လတ်တွေနဲ့ ပစ်ခတ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီ ကပစ ၂၂ စက်ရုံဟာ ပုသိမ်-မုံရွာကားလမ်းနဲ့ ပေါက်-ဆိပ်ဖြူ လမ်းကြားထဲမှာတည်ရှိပြီး လက်နက်ငယ်တွေ အဓိကထုတ်လုပ်နေတာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို စစ်ဒေသကွပ်ကဲ ၁၊ မကွေးတိုင်း ဒရုန်းအထူးတပ်ရင်း တပ်ခွဲ ၅၊ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးနဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၁ ပြည်သူ့စွမ်းအား တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာတော့ မိုင်းနဲ့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးအနားက အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ် ၁၀ လုံးကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၇ ရက်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ဆားလင်းကြီးမြို့ပေါ်ကိုရောက်ပြီး တညအိပ်ခဲ့ပါတယ်။ နောက်နေ့ မနက်ပိုင်းမှာတော့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး တကြောင်းက ကြေးနီစီမံကိန်း ဝမ်ပေါင် ကုမ္ပဏီထဲကို ဝင်သွားတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီဝင် တယောက်က ပြောပါတယ်။
ဝမ်ပေါင်ကနေတဆင့် ညောင်ပင်ကြီးရဲစခန်းကို ဝင်နားပြီး ညနေ ၃ နာရီကျော်အချိန် မုံရွာဘက်ကိုကူးဖို့ ဇက်ဆိပ်ကိုလာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်သား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့ပြီး စစ်သားတွေဟာ ထန်းတောဇက်ဆိပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီဝင်တယောက်က “နေအိမ် ၁၂ လုံးလောက်နဲ့ ဆိုင်ကယ်တချို့ ပါသွားတယ်။ နောက်ထပ် စစ်ကြောင်းတကြောင်းကတော့ ဘယ်ကိုရောက်နေမှန်း မသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာအထွက်မှာ မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေနဲ့ ခြေကုပ်စခန်းတွေအတွက် စက်သုံးဆီ တင်ဆောင်လာတဲ့ ထောက်ပို့ ဆီဘောက်ဆာကားတွေကို ဧပြီ ၂၈ ရက် မနက် ၇ နာရီ ၄၁ မိနစ်မှာ ဂဠုန်တပ် နတ်မောက် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နတ်မောက်မြို့၊ ရွာမွန်တပ်ကနေ ထွက်လာတဲ့ ဆီဘောက်ဆာယာဥ် အစီး ၃၀ ခန့်နဲ့ လုံခြုံရေးလိုက်ပါလာတဲ့ ချက်ပလက်ယာဥ် ၁၀ စီးခန့်ကို ရွာတော်ကျေးရွာအထွက်မှာ သတင်းအရ စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနိုင်တယ်လို့ ဂဠုန်တပ် နတ်မောက် PDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်အောင်ဒင်က ဒီဗွီဘီကို ပြောပါတယ်။
“ရွာမွန်ကနေ ဒီကောင်တွေ ထွက်လာတာ၊ ဆီဘောက်ဆာက အစီး ၃၀ ကျော်တယ်၊ ချက်ပလက် ၁၀ စီး၊ ၁၅ စီးလောက်ပဲ၊ ဒီဘက်စစ်တပ်စခန်းတွေကို ဆီပို့မယ့်ကားတွေပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဒီကောင်တွေဘက်က လေယာဥ်သုံး ဗုံးသီးတွေသယ်တဲ့ ယာဥ်ကို စောင့်တိုက်သေးတယ်။ ဒီကောင်တွေဆီက ဂျန်ပါကောင်းတော့ မကွဲဘူး။ ဒီတခေါက်တော့ အမိအရကို ကွဲတာပဲ။ မိတဲ့ကားတစီးက စုတ်ပြတ်သတ်၊ အခုလှမ်းပြောတာတော့ အဲ့နားကို လူနာတင်ကားတွေ လာပြီးတော့ ဒဏ်ရာရလား သေဆုံးလား မသိတဲ့ လူ သုံးလေးယောက် လာခေါ်သွားတယ် ပြောတယ်။”
စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့တော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ရှေ့ဆက်ပြီး မစ်ရှင်တွေအများကြီး ဆက်လုပ်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီ ယာဥ်တန်းတွေနဲ့ နီးကပ်စွာ မသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း နတ်မောက်မြို့နယ် သမုန်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ရွာအနီးမှာ ဒီနေ့ ဧပြီ ၂၈ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့ကနေ မုံရွာနမခစခန်းကို ပြန်သွားတဲ့ အဆိုပါစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားတာလို့ ဆိုပါတယ်။
“ဘုတလင်ကနေ ဘုတလင်-မုံရွာ နမခ သွား ကားလမ်းဘေးက PDF တွေ မိုင်းထောင်တယ်အထင်နဲ့ မိုင်းရှင်းတယ်ဆိုပြီး ရွာတွေဝင်ပြီး ခိုးယူလုယက်ဖို့ လာတဲ့စစ် (-) တွေပါ။ အင်အားက ၄၃ ယောက်ပါတယ်လို့တော့ ဘုတလင်မြို့က အသိမိတ်ဆွေတွေက ပြောလို့ သိထားရတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ညောင်ပင်ကန်၊ ညောင်ရိပ်သာ၊ မှန်တောဦး စတဲ့ ကျေးရွာတွေက ရွာသားတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
“သူတို့ထွက်လာပြီဆိုတာနဲ့ ဒေသခံရွာသားတွေကိုကြိုပြီး ဘေးလွတ်ရာကို ကယ်ထုတ်ရတယ်။ အဲလိုပြီးတာနဲ့ မိုင်းကွင်းစဉ်ပြီး ကြိုတင်စောင့်နေတာ။ ဒီကောင်တွေ ကားလမ်းမပေါ်အတိုင်း မသွားဘူးဆိုတာကိုသိလို့ ကျနော်တို့ ယာခင်းတွေထဲကနေ မိုင်းတွေ ထောင်တာလုပ်ထားတယ်။ ထောင်ထားတာနဲ့ ကွက်တိကျတော့ ပထမ မိုင်းဆွဲတယ်။ (-) ၁၀ ကောင်ထက်မနည်းကျတယ်။ မိုင်းဆွဲပြီး ခဏ ထိတ်တိုက်ပစ်ခတ်မှုရှိသေးတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက် မရှိဘူး” လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
မိုင်းဆွဲခံရတဲ့စစ်တပ်ဟာ မှန်တော်ဦးကျေးရွာအနီးမှာရှိနေပြီး စစ်ရေးအခြေအနေကတော့ နှစ်ဖက်တင်မာနေဆဲဖြစ်ကာ ဘုတလင်မြို့နယ် ပကဖ အဖွဲ့နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီနယ်၊ အလယ်ကျွန်း ပျူရွာဘက်ကနေ အနောက်ဘက် သရက်တောကျေးရွာဘက်ကို ရိက္ခာဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းအင်အား ၁ဝ ယောက်လောက်ကို ဧပြီ ၂၇ ရက် ညနေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ခြေကုပ်ယူထားတဲ့ အလယ်ကျွန်းရွာကနေ အနောက်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG ကျောက်လုံးကြီးတပ်မဟာက လုံခြုံရေးယူထားတဲ့ သရက်တောကျေးရွာကို ရိက္ခာလာယူစဥ် တိုက်ခိုက်ခဲ့တာလို့ KLG ကျောက်လုံးကြီးတပ်မဟာ ပြောရေးဆိုခွင့်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အလယ်ကျွန်းပျူရွာရဲ့ အနောက်မှာ သရက်တောကျေးရွာ ရှိတယ်ဗျ။ အလယ်ကျွန်းက ဒီကောင်တွေချည်းပဲရှိတာ၊ တရွာလုံးပေါင်းမှ အိမ်ခြေ ၂၅၊ ၃၀ ပဲ ရှိတော့တယ်။ မိုင်းဆွဲတာ ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရ၊ ဖရဲသီးသတင်းပေးတာပါ။ မိုင်းမိလို့ (--)အသေနဲ့ လူနာတွေ ပြန်ခေါ်ပြီး နောက်ဆုတ်သွားတယ်။ အဲ့ကောင်တွေ ရိက္ခာမရှိတော့လို့ အနီးနားက သရက်တောကျေးရွာဘက်ကို အလာ အခုလို မိုင်းမိပြီး သေရော။ ကျနော်တို့က သရက်တောရွာကို လုံခြုံရေး ယူပေးထားတာပါ။”
စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံး ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိတဲ့အတွက် ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါတိုက်ခိုက်မှုကို KLG PDF ကျောက်လုံးကြီးတပ်မဟာက ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ခြေကုပ်စခန်းနေရာ အလယ်ကျွန်းရွာကို ပြန်သယ်သွားပြီး သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ ပြည်သူလူထု ထိခိုက်မှုမရှိသလို ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဧပြီ ၂၇ ရက် ညပိုင်းကလည်း အလယ်ကျွန်းရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-KLG PDF ကျောက်လုံးကြီးတပ်မဟာ