close

မိုင်းတုံ

close

August 13, 2022

မိုင်းတုံတွင် ရေကြီးသဖြင့် ကွန်ကရစ်တံတား ၄ စင်းကျိုးကျ၊ လူဦးရေ ၂၀၀၀ ကျော် ရေဘေးသင့်

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ထဲမှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေ လျှံကျတာကြောင့် ကျေးရွာအုပ်စုနဲ့ မြို့နယ်အတွင်း အဓိကကျတဲ့ ကွန်ကရစ်တံတား အနည်းဆုံး ၄ စင်း ကျိုးကျသွားသလို နေအိမ်တချို့လည်း ရေထဲမျောပါပြီး လူဦးရေ ၂၀၀၀ ကျော် ရေဘေးသင့်နေပါတယ်။ 

ဩဂုတ် ၁၁ ရက် တညလုံး မိုးသည်းထန်ပြီးတဲ့နောက် မနက် ၅ နာရီလောက်ကစလို့ ရေတွေ တဖြည်းဖြည်းမြင့်တက်လာကာ  ပုံပါကျင်၊ မိုင်းဟန်၊ နားကောင်းမူ၊ မယ့်ကဲင်း၊ နားခါးနဲ့  မိုင်းကျွတ် စတဲ့မြို့နယ်တွေမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း မကြုံစဖူး ရေကြီးခဲ့တယ်လို့ မိုင်းတုံမြို့နယ် မိုင်းဟန်ရွာသား ဦးစိုင်းလျန်က ပြောပါတယ်။ 

“ရေကြီးတာကတော့ ရက်ရက်စက်စက်ပါပဲ။ ဒီလောက်ရေကြီးတာ၊  တောင်ပေါ်က ကျလာတဲ့ ရေတွေ ချောင်းကြီး ချောင်းငယ်ထဲကို စီးပြီး မြို့ထဲရွာထဲ လျှံကျလာတာ၊ ကျနော့်အသက် ၅၀ ကျော်တွင်း တခါမှ မကြုံဖူးပါဘူး။ ရေစီး အတော်သန်တယ်။ အပျက်အစီးတွေက အကုန်မသိရ သေးဘူး။ ဖုံးလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပျက်နေတယ်။ အခုတောင် လိုင်းရတဲ့ တောင်ကုန်း တခုပေါ် ရောက်နေလို့ စကားပြောရတာ။ သိရသလောက်  တံတားအနည်းဆုံး ၄ စင်း ပျက်တယ်။ နမ့်ဟူးလုံ၊ နမ့်အော့၊ နမ့်ဟန်၊ ဟွေ့ပါဆတ် တံတားတွေရယ် ကားကြီး ကားငယ် သွားနေကျ ကွန်ကရစ်တံတားတွေလည်း ပါတယ်။”

ရေကြီးမှုကြောင့် ပုံပါကျင်မြို့ထဲက နေအိမ် ၁ လုံး ရေနဲ့အတူ မျောပါသွားပြီး ရေတိုက်စားလို့ ပျက်စီးသွားတဲ့အိမ် ၄- ၅ လုံးလောက်ရှိကြောင်း၊ နားခါးရွာ တရွာလုံး ရေဝင်ကြောင်း၊ အဲဒီဒေသက လူဦးရေ ၂၀၀၀ ကျော် ရေဘေးသင့်နေပြီး အမြင့်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ သွားနေရတယ်လို့ ဆိုပါတယ်။ 

ရေကြီးတဲ့နေရာကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးရုံးနဲ့ သက်ဆိုင်ရာက ဝန်ထမ်းတွေ ပစ္စည်းကူညီ ပြောင်း‌ရွှေ့ပေးခဲ့ကြောင်း၊ ထမင်းဟင်းချက်ပြုတ်စားသောက်လို့ မရတဲ့အိမ်တွေကို အမြင့်ပိုင်းရွာကလူတွေ ကိုယ့်အားကိုယ်ကိုး စုပေါင်းပြီး ထမင်းထုတ်တွေ လက်လှမ်းမီသလောက် လိုက်လံဝေငှပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ရေတိုက်စားတာကြောင့် ကောက်ပဲသီးနှံ၊ ပြောင်းဖူးခင်းနဲ့ စပါးခင်း ဧကအများအပြား ပျက်စီးသွားကြောင်း၊ ဒီနေ့မနက်ရေကျသွားပေမဲ့ အပျက်အစီးတွေကြောင့် ပုံမှန်ပြန်ထူထောင်ဖို့ အခက်အခဲရှိနေပြီး အဓိက လမ်းပန်းဆက်သွယ်ရေးဖြစ်တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ ပျက်စီးနေတဲ့ တံတားတွေကို အမြန်ဆုံးလာရောက် ပြုပြင်ပေးဖို့  မိုင်းတုံဒေသခံတွေက လိုလားနေပါတယ်။ 

15 mins Ago

September 3, 2021

ငွေတစ်ပြားမှမရှိသဖြင့် မိုင်းတုံမှ ကျိုင်းတုံထိ ၁၃ ရက်တာ ခြေကျင်လျှောက်ခဲ့ရသည့် မိသားစု

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် ရွာတစ်ရွာက တိုင်းရင်းသူ  မိသားတစ်စုဟာ စားဝတ်နေရေး ကျပ်တည်းလို့ မူလဇာတိ မိုင်းပျဉ်းကို ပြန်ပြောင်းလာစဉ် လက်ထဲမှာ ငွေတပြားတချပ်မှ မရှိ တဲ့အတွက် လမ်းခရီးမှာ ၁၃ ရက်ကြာ ခြေကျင်လျှောက်လာခဲ့ရပါတယ်။

အဆိုပါမိသားစုကို လမ်းမှာတွေ့ပြီး လိုရာခရီးရောက်အောင် အကူအညီပေးခဲ့တဲ့ ကျိုင်းတုံကိုယ်ပိုင်ဆေးခန်းတစ်ခုမှ ဒေါက်တာ နန်းမားလားဝမ်းက “  ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကျမက ကိုဗစ်-၁၉ လူနာနဲ့ ကွာရန်တင်းဝင်နေသူတွေကို အစားအသောက်တွေသွားလှူတော့ ကျိုင်းတုံဆေးရုံရောက်ခါနီးမှာ သူတို့မိသားစုကိုတွေ့တယ်၊ အဲဒါသနားလို့ ထမင်းကျွေးပြီး အကျိုးအကြောင်းမေးကြည့်တာ၊ အဲဒီမှာ သူတို့က မိုင်းတုံကနေပြီး လာတာတဲ့၊ ကားခမရှိလို့ လမ်းလျှောက်လာတာ မိုင်းတုံကနေ တာချီလိတ် - တာချီလိတ်ကနေ ကျိုင်းတုံထိ တစ်တောင်တက်တစ်တောင်ဆင်း ၁၃ ရက်ကြာပြီ လို့ပြောတယ်၊ ဖိနပ်တွေတောင်ပေါက်ပြဲလို့၊  အမေနဲ့ ကလေး ၂ ယောက် ၊ ခွေးလေးတစ်ကောင်ပါ ပါသေးတယ်၊ ပိုက်ဆံတပြားမှမရှိလို့ ဗိုက်ဆာရင် တွေ့တဲ့နေရာ တောင်းစား၊ မိုးချုပ်ရင်လမ်းဘေးမှာရော လယ်စောင့်တဲတွေရော ၊ ကြုံသလိုအိပ်လာတာ”လို့ ပြောပါတယ်။

အမျိုးသမီးမှာ အသက် ၅၀ ရွယ် ဒေါ်နာဖေ့ ဆိုသူ လားဟူတိုင်းရင်းသူဖြစ်ကြောင်း၊  မိုင်းပျဉ်းဇာတိဖြစ်ကာ မိုင်းတုံမြို့နယ် နားကောင်းမူးရွာသားနဲ့ အိမ်ထောင်ကျကြောင်း၊ အသက် ၁၀ နှစ်ရွယ် သမီးနဲ့ ၆ နှစ်ရွယ်သားလေးရလာတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး ရွာမှာအလုပ်အ ကိုင်မကောင်း၊ ဘိန်းစားတွေလည်းများတဲ့အတွက် မိုင်းပျဉ်းရှိ မိဘဆီပြန်လာတာလို့ ဆိုပါတယ်။ 

အဲဒီနေ့က သူတို့တွေ အရမ်းပင်ပမ်းနေလို့ ဒေါက်တာ့ အိမ်မှာပဲ တစ်ညသိပ်ပြီး မနေ့မနက်မှာ သူတို့မိသားစုကို အလှူရှင်တွေဝိုင်းကူထားတဲ့ စားစရာနဲ့ အလှူငွေတွေနဲ့အတူ  မိုင်းပျဉ်းကို ကားစင်းလုံးငှားပေးလိုက်တယ်လို့ ပြောပါတယ်။ 

သူတို့ရွာဟာ မိုင်းပျဉ်းမရောက်ခင် ၁၀ မိုင်လောက်အလို လမ်းခွဲကနေတက်သွားရကြောင်း၊ အဲဒီတောင်ပေါ်ရွာကို လမ်းမကြီးကနေလှမ်းမြင်ရတဲ့အတွက် လမ်းဘေးမှာချ ထားပေးခဲ့ပြီးဖြစ်တယ်လို့ ကားဆရာက  အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။ သူတို့မိသားစုကို ထောက်ပံ့ကူညီချင်သူတွေအနေနဲ့ ဒေါက်တာ နန်းမားလားဝမ်း( ကျိုင်းတုံ )  ဖုံးနံပါတ် ၀၉ ၄၂၈၂ ၁၁၃၇၆  ဆက်သွယ်နိုင်ကြောင်း၊ ဒေါက်တာ့အနေနဲ့ လားဟူလူမှုကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးသွားမယ်လို့ ပြောပါတယ်။

11 months Ago
Up