စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ရွာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အတူပါလာတဲ့ ပျူစောထီးအဖွဲ့ဝင် တစ်ယောက် ဇန်နဝါရီ ၂၉ ရက် ဒီနေ့မနက် မိုင်းဆွဲခံရပြီး နေရာတင်သေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီနေ့မနက် ၁၁ နာရီ ၄၅ မိနစ်လောက်က နဘတ်ရွာရဲ့ အနောက်ဘက် ကံတရာကွေ့အကျော်မှာ မိုင်းဆွဲခဲ့တာဖြစ်ပြီး သေဆုံးသွားသူထံကနေ စကားပြောစက်နဲ့ ပျူသင်တန်း အပတ်စဥ် ၂ တပ်ထားတဲ့ စာရွက်တွေရလိုက်တယ်လို့ CDSOM က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ရဲ့အကြီးကဲကိုမင်းခေါင်က “သူတို့ကတပ်ဖြန့်ထားတယ်။ နဘတ်ရွာနဲ့ ဗရင်ဂျီဘက်မှာ ကင်ပုန်းဝပ်နေတာတွေရှိနေတယ်။ အခုဟာက ပြည်သူ့ဆိုင်ကယ်ကိုယူကာ ပြည်သူပုံစံနဲ့ ဆိုင်ကယ် ၃ စီးနဲ့ နယ်ကျွံထွက်လာလို့ ကျနော်တို့ အခုလို မိုင်းဆွဲလိုက်တာ။ ပထမကတစ်ခေါက်ထွက်လာတုန်းက အရပ်သားပဲထင်နေတာ။ နောက်ပိုင်း သုံးလေးခေါက်လောက်ထွက်လာတော့ ကျနော်တို့ ရိပ်မိလာတယ်။ ဒီထက်မကသေခြာအောင်လို့ သူတို့ကို အပေါ်စီးကနေ ဒရုန်းနဲ့လိုက်ပြီး စောင့်ကြည်တယ်။ သေခြာလို အခုလိုလုပ်လိုက်ရတယ်။”လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDMSOM) ရဲ့ နတ်မြင်း 02 အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၂၈ ရက်က မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာကနေ နဘက်ကျေးရွာဘက်ကို စစ်ကြောင်းထိုးခဲ့ကာ တပ်စွဲထားတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ကြီး မိုးဇော်လက်ဟာ မိုင်းထိပြီး သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မနက်က ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာနဲ့ စိုင်နိုင်လေးကျေးရွာကြား စစ်ကောင်စီ ထောက်ပို့ ၁၂ ဘီးကား ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ ကားထိုးရပ်သွားခဲ့တယ်လို့သိရပါတယ်။
ဒီဇင်ဘာ ၂၉ ရက် နေ့လယ်မှာ မိုင်းဆွဲခံထားရတဲ့ နေရာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၅၀ လောက်ရောက်ရှိလာချိန်မှာ လက်ကျန်မိုင်းပေါက်ကွဲပြီး ဝက်လက်မြို့နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ကြီး မိုးဇော်လတ်ဟာ မိုင်းထိမှန်သေဆုံးခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်သတင်းမှာလည်း ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၂၉ ရက် မွန်းတည့် ၁၂နာရီအချိန်မှာ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာ မန္တလေး- ရွှေဘို ကားလမ်းပေါ်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်ကြီး မိုးဇော်လတ် အပါအဝင် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့တာလို့ ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။
အဆိုပါဖောက်ခွဲမှုကို MPDF ဗိုလ်သံမဏိတပ်ဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဝက်လက်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက်နေ့က ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ သစ်ဆိမ့်စခန်းမှူး ဗိုလ်ကြီးတယောက်လည်း သေဆုံးခဲ့ပါသေးတယ်။
နိုဝင်ဘာ ၂၉ ရက်ကလည်း စစ်ကား ၁၁ စီး ယာဉ်တန်းကို မိုင်း ၈ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတွေအများအပြားသေဆုံးခဲ့တယ်လို့ ဝက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။