ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နတ်တလင်းကျေးရွာရှိ ရွာအဝင်လမ်းမှာ မတ်လ ၁၇ ရက် ညနေ ၃ နာရီလောက်က ကျေးရွာနေ အသက် ၄၁ နှစ်အရွယ် အမျိုးသားတယောက် မိုင်းနင်းမိတာကြောင့် ခြေထောက်ပြတ်သွားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိုင်းဟာ နင်းမိုင်း အမျိုးအစားဖြစ်တယ်လို့ သိရပြီး ကျပန်းအလုပ်လုပ်သူ အမျိုးသားဟာ ရွာထိပ်ကို အလုပ်ကိစ္စနဲ့ သွားချိန်မှာ ရွာအဝင်လမ်းက မိုင်းနင်းမိလို့ ပေါက် ကွဲခဲ့တာပါ။
ကျောက်တံခါးအခြေစိုက် လူမှုကူညီရေးအသင်းဝင်တယောက်က "အိမ်ဆောက်ကူနေတာလို့ ပြောတယ်။ ညနေ ၃ နာရီလောက်က ရွာထိပ်ဘက်သွားရင်း မိုင်းနင်းတာ။ ခြေထောက်က ဖွာထွက်သွားပြီး အရိုးပေါ်နေပြီ၊ လက်မှာလည်း ဖောက်ဝင် ဒဏ်ရာရထားတယ်။ မျက်နှာတို့ ပေါင်တို့ ဗိုက်တို့က မိုင်းစစင်ရုံပါပဲ။ ခြေထောက်က စိုးရိမ်ရတာနဲ့ ဆေးရုံပို့ထားပါတယ်"လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ညာဘက်ခြေချင်းဝတ်တစ်ခုလုံး ကြေမွသွားပြီး ညာဘက် ပေါင်ပြဲ၊ ညာလက်ဖျံ မိုင်းစ ဖောက်ဝင်ဒဏ်ရာနဲ့ မျက်နှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲပြီး နာရီဝက်ခန့်မှာ စစ်ကောင်စီဘက်က လာရောက်စစ်ဆေးခဲ့ပြီး ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းလဲဆိုတာတော့ မသိရသေးပါဘူး။
လူနာကိုတော့ စိုးရိမ်ရတဲ့ အတွင်းလူနာအဖြစ် ကျောက်တံခါးမြို့နယ် ဆေးရုံကို ပို့ဆောင်ထားပါတယ်။
မကွေးတိုင်း၊ သရက်မြို့နယ်က သမန်းပြင်ရွာသား ၃ ယောက်ဟာ မတ် ၁၆ ရက်မနက်ပိုင်းက မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိတဲ့အနက် တယောက်က ခြေချင်းဝတ်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သမန်းပြင်ရွာသား ၃ ယောက်ဟာ မနေ့ မနက် ၆ နာရီလောက်မှာ တွင်းလည်ရွာအရှေ့ဘက်က ကပစ(၁၂)က သိမ်းထားတဲ့ မြေနေရာမှာ ဝါးခုတ်၊ ထင်းခွေသွားတဲ့အချိန် မြေမြုပ်မိုင်းနင်းမိပြီး ကိုသန်းစိန်ရဲ့ ဘယ်ဘက် ခြေချင်းဝတ် ပြတ်ထွက်သွားပြီး ကျန်တဲ့ ၂ ယောက်ကတော့ ယမ်းစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သမန်းပြင်ရွာသား တဦးက ပြောပါတယ်။
ဒဏ်ရာအပြင်းထန်ရရှိခဲတဲ့ ကိုသန်းစိန်ကို မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေရပြီး ဘယ်ဘက်ခြေထောက်ကတော့ ဖြတ်ပစ်ရတော့မှာလို့ ပြောပါတယ်။
တွင်းလည်ကျေးရွာမှာ စစ်တပ် တပ်စွဲထားတာ ၁ နှစ်နီးပါးလောက်ရှိနေပြီဖြစ်ပြီး အဆိုပါ မြေမြုပ်မိုင်းကို ဘယ်သူ ဘယ်အဖွဲ့အစည်းက ထောင်ထားတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။