စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဇူလိုင် ၂၂ ရက်က ကင်မွန်းခြုံကျေးရွာအနီး နင်းမိုင်း ပေါက်ကွဲမှုကြောင့် PDF Kalay တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး PDF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကင်မွန်းခြုံကျေးရွာကို ဝင်ရောက်ကာ နေအိမ်တွေအား မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာမှထွက်ခွာသွားပြီးနောက် ရွာအနီးဝန်းကျင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေ မိုင်းရှင်းလင်းရေးလုပ်စဉ် ပေါက်ကွဲမှုကြောင့် PDF Kalay တပ်ရင်း(၂)က ရဲဘော်တဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကစ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ် အဖွဲ့တွေက စစ်ကောင်စီစစ်ကြောင်းအား အသင့်စောင့်ဆိုင်းတိုက်ခိုက်တာနဲ့ မိုင်းဆွဲတိုက်ခိုက်တာ ကြောင့် စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးတယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ကင်မွန်းခြုံရွာကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါသဲကျေးရွာမှာ ဇွန် ၁၀ ရက် ညနေ ၅ နာရီ လောက်က စစ်ဘေးရှောင်နေရာကနေ ရွာမှာရိက္ခာပစ္စည်းပြန်လာယူတဲ့ အသက် ၆၀ အရွယ် အမျိုးသားတယောက် စစ်ကောင်စီထောင်ထားတဲ့မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF -B0 6 က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒီးမော့ဆိုမြို့နယ် ပူဖား၊ ဒေါကမီး၊ ဆီးလီဒုံး၊ ဟန်သောခူ ရွာတွေမှာ စစ်ဘေးရှောင်နေတဲ့ရွာသားတွေကို ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြဖို့ တိုက်တွန်းနေပေမဲ့ ကျေးရွာအဝင်လမ်းတွေနဲ့ ရွာအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းတွေကို KNDF -B0 6 ကတူးဖော်ရရှိတယ်လို့ ဆိုပါတယ်။
KNDF -B06 မှတာဝန်ရှိသူတစ်ဦးက " စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာအဝင်ထွက်နေရာတွေနဲ့ ရွာနီးစပ်ရာတွေမှာ မိုင်းထောင်ထားတာပါ။ နင်းမိုင်းတွေ တိုက်မိုင်းတွေ အများဆုံး ထောင်ထားတတ်ပါတယ်။ ဇွန်လ ၁၀ ရက် နေ့လယ်က ကျေးရွာတွေအနီး ကင်းထောက်သွားစဉ် စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေ တွေ့ရှိခဲ့လို့တူးဖော်ရှင်းလင်းခဲ့ရတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
စစ်ဘေးတိမ်းရှောင်နေကြတဲ့ ရွာသူရွာသားတွေ ကျေးရွာအတွင်းသို့ ဖြတ်သန်းသွားလာတာ ပြန်လည်နေထိုင်တာဟာ အန္တရာယ်ရှိနိုင်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF -B06 ကတောင်းဆို ထားပါတယ်။