စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ် မေ ၇ ရက်နေ့က မိုင်း ၂ ကြိမ်အဆွဲခံရပြီး အကျဆုံးတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ မနက် ၉ နာရီခွဲလောက်မှာ ခင်ဦးမြို့နယ် ကံသစ်မူးဘောင် တံတားနဲ့ ဂွေးကုန်းကျေးရွာကြားမှာ တကြိမ်၊ ဘုရားကုန်းအနီးမှာ တကြိမ် မိုင်းဆွဲခံရတာလို့ ဆိုပါတယ်။
“သူတို့ မနက်အစောပိုင်းက ခင်ဦးမြို့ပေါ် ရဲစခန်းထဲကနေ ကား ၆ စီး၊ ဆိုင်ကယ် အစီး ၂၀ လောက်နဲ့ ခင်ဦး-ရေဦး ကားလမ်းအတိုင်း ထွက်လာခဲ့တယ်။ အဲလိုထွက်လာခဲ့တဲ့ကောင်တွေကို ကျနော်တို့ ကံသစ်မူးပေါင်အနီးမှာ ကြိုတင်ပြင်စဉ်ပြီး မိုင်းတကြိမ်ဆွဲခဲ့တယ်ဗျ။ အဲဒီအကြိမ်မှာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးတယ်။ တပ်သား ၁၅ ဦးအပါအဝင် သုံးပွင့်ဗိုပ်တစ်ဦးပြင်ထန်ဒဏ်ရာရရှိတယ်လို့ ခင်ဦးမြို့ပြည်သူဆေးရုံနဲ့နီးဆပ်သူတဦး ပြောတာကို ကျနော်တို့ အသင်းအတိအကျ ပြန်ရထားတယ်” လို့ ခင်ဦးကာကွယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
အခုလိုမိုင်ဆွဲတိုက်ခိုက်ခဲ့တာဟာ Time Myint Mo ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Khin U Support Organization-KSO မဟာမိတ် သုံးဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က မေ ၇ ရက်နေ့ တရက်တည်းမှာ ရွှေကူတဲစုရွာနဲ့ အိမ်ခြေ ၂၀၀ ရှိတဲ့ ကင်းပစ်ရွာတို့ကို ဝင်မွှေလုယက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။