close

မိုင်းပြင်းဈေး

close

October 19, 2022

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းဈေးတွင် မိုင်းပေါက်ကွဲ၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပြင်းမြို့ရှိ မြို့မဈေးကြီးထဲမှာ အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက်က မိုင်းပေါက်ကွဲပြီး ဈေးသည်အမျိုးသမီး တယောက်  ဒဏ်ရာရသွားပါတယ်။ 

မိုင်းပြင်းဈေးမှာ ကုန်စိမ်းရောင်းတဲ့ အသက် ၃၀ အရွယ် မမေသူဝင်းဟာ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတုန်း မိုင်းနင်းမိတာလို့ ဈေးဝယ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမတို့ ဈေးဝယ်သွားတော့ မနက် ၆ နာရီခွဲလောက်ဖြစ်မယ် ထင်တယ်။ လက်ဖက်ရည်ဆိုင်နား ရောက်တော့ ရှေ့မှာ ဗုံးဆိုတဲ့အသံ၊ အမလေး ကယ်ကြပါအုံးဆိုတဲ့ အော်သံကြားတယ်။ အစကတော့ ဂက်စ်အိုးပေါက်တယ် ထင်တာပေါ့။ နောက်မှ တာဝန်ရှိသူတွေ ရောက်လာမှ ပြောသံကြားတာတော့ မိုင်းပေါက်တာတဲ့။ အဲဒီမှာ ဈေးဆိုင်ခင်းမလို့ လုပ်နေတဲ့ မေသူဝင်းကို ထိသွားတာ။ သူ့ခြေတောက်တဖက် ပြတ်ထွက်သွားတယ်။ သူက  မုဆိုးမ ကလေး နှစ်ယောက်ကို ရှာကျွေးနေတာ။ သနားဖို့သိပ်ကောင်းတယ်။”

မိုင်းထိသွားတဲ့ အမျိုးသမီးကို ဈေးသူဈေးသားတွေက ကျိုင်းတုံဆေးရုံကြီးကို ပို့ပေးလိုက်ပြီးနောက် စစ်ကောင်စီတာဝန်ရှိသူတွေက ဈေးမှာလာ စစ်ဆေးနေကြပါတယ်။  အဆိုပါ မိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်ထားခဲ့တယ်ဆိုတာကိုတော့  မသိရသေးပါဘူး။ 

မိုင်းပြင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေလည်းမရှိဘဲ မိုင်းပေါက်ကွဲတဲ့အတွက် ထူးခြားနေတဲ့အကြောင်းနဲ့ ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေကပဲ လုပ်လုပ်၊ အများပြည်သူသွားလာနေတဲ့ နေရာတွေမှာတော့ မိုင်းလာမထောင်သင့်ဘူးလို့  မိုင်းပြင်းဒေသခံက ပြောပါတယ်။

2 mins Ago
Up