စစ်ကောင်စီက လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့မှာ ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီ လက်အောက်ခံ စစစရုံး မိုင်းထောင် ဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
မြို့လယ်ခေါင်မှာရှိတဲ့ အဲဒီ စစ်ကောင်စီ စစစရုံးကို မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က မိုင်းထောင် ဖောက်ခွဲခံခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ စစစရုံး မိုင်းထောင် ဖောက်ခွဲခံရတာကြောင့် အဆောက်အဦအရှေ့ခြမ်း ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
စစစရုံး မိုင်းထောင်ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အဝင်အထွက် နေရာတွေနဲ့ လမ်းတချို့မှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။
မိုင်းထောင်ဖောက်ခွဲခံရတဲ့ စစ်ကောင်စီ စစစရုံးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အဲဒီရုံးမှာ စစ်ကောင်စီဝန်ထမ်းတွေ မနေထိုင်တော့ဘူးလို့ သိရပါတယ်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကိုပါ ၄၀ မမ နဲ့ ပစ်ခတ်ပေမယ့် မပေါက်ကွဲခဲ့ဘူးလို့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့စည်း MSRO ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မိုင်းပေါက်ကွဲသံကို တမြို့လုံးနီးပါးကြားရပြီး ကျောင်းသားတွေကို မိဘတွေက ပြန်လာခေါ်ကြလို့ ကျောင်းကိုလည်း ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရုံးတွေ မကြာခဏ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီက လုံခြုံရေးအထူးတင်းကြပ်ထားသလို ဒေသန္တရအမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဇူလိုင် ၂၁ ရက်နေ့ မနက် ၉ နာရီခွဲအချိန်လောက် မိုင်းထောင် ဖောက်ခွဲခံခဲ့ရတယ်လို့ မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလူ ၂ ဦးက လာရောက် မိုင်းထောင်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင် ဖောက်ခွဲခံရတာကြောင့် ရုံးအဆောက်အဦ အနောက်ဘက်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြို့အတွင်းမှာ ဗုံးပေါက်ကွဲမဖြစ်တာ ၄ လကျော်လောက်ရှိပြီး အခုမှ ပေါက်ကွဲမှု ပြန်လည်ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး မိုင်းထောင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးခဲ့သလို မြို့အဝင်အထွက်နေရာတွေလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာနဲ့ ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဘယ်အဖွဲ့က မိုင်းထောင် ဖောက်ခွဲခဲ့လဲဆိုတာ မသိရသေးပါဘူး။
သထုံမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လဝက၊ စည်ပင်၊ ကညနရုံးအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ ၁၀ ကြိမ်ထက်မနည်း ဖောက်ခွဲခံထားရပါတယ်။