ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဆဒေါင်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၆ ရက်ဒီကနေ့မနက် ၆ နာရီခွဲလောက်က ကုန်တင်ရထား တစီး မိုင်းမိပြီး ပေါက်ကွဲမှုဖြစ်တာကြောင့် မီးရထားဝန်ထမ်း ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါရထားဟာ ဆဒေါင်းမြို့နယ် ခလောင်းငဲ့ဘူတာကနေ ပါဒန်ဘေဆာဘူတာကို ထွက်ခွာပြီး ရထားသိမ်းဖို့ ခုတ်မောင်းလာချိန် တွဲအမှတ် ၇၀၇ ကနေ ပေါက်ကွဲခဲ့တာကြောင့် ကနဦး ရထားဝန်ထမ်း ၇ ဦးဒဏ်ရာရပြီး မကြာခင် အဲဒီထဲက ၃ ဦးသေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါရထားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ဒီကနေ့ဖြစ်တဲ့နေရာတဲ့ မီတာ ၅၀၀ အကွာမှာ မိုင်းဗုံးထိခဲ့လို့ လမ်းဘေးကို ထိုးကျခဲ့ကြောင်း၊ အဲဒီတုန်းက ထိခိုက်သေဆုံးသူ မရှိပေမဲ့ ရထားတွဲရော၊ ရထားသံလမ်းပါ ပျက်စီးသွားခဲ့လို့ ပြင်ဆင်ပြီးတာနဲ့ အခုလို ပေါက်ကွဲမှု ထပ်မံကြုံတွေ့ရတယ်လို့ မီးရထားတာဝန်ရှိသူတွေက သတင်းထောက်ကို ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းပေါက်ကွဲမှုရဲ့ အကြွင်းအကျန်လား၊ ထပ်မံကြံစည်တာလား ဆိုတာတော့ မသိသေးကြောင်း၊ ဒါဟာ တောင်ပိုင်းအကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်ပြီး နယ်မြေခံနဲ့အပြင်ကလူတွေပါ ပူးပေါင်းကြံစည်တာဖြစ်နိုင်ကြောင်း၊ တာဝန်ရှိသူတွေက မသင်္ကာသူတွေ ဖမ်းဆီးစစ်ဆေးနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက တ ယောက်ကို ဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် သက်သေမခိုင်လုံတဲ့အတွက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုလုပ်တာဟာ ဒေသတွင်းခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးပါ ထိခိုက်နိုင်တယ်လို့ မီးရထားဌာန တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
Ref/ Photo- Khaosod