ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဟိုခိုကျေးရွာအုပ်စု ဂျာရန်ရွာ နဲ့ ပန်မွန်းရွာ တွေအနီးမှာ ဖေဖော်ဝါရီ ၄ ရက် မနက် ၆ နာရီခန့်ကစပြီး မွန်းလွဲ ၁ နာရီကျော်အထိ ဂျာရန်ပြည်သူ့စစ်အဖွဲ့နဲ့ TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဂျာရန် ပြည်သူ့စစ်တွေ ရှိနေတဲ့ နေရာကို TNLA တပ်ဘက်က အင်အား ၃၀၀ ဝန်းကျင်ခန့်နဲ့ ထိုးစစ်ဆင် လာရောက်ပစ်ခတ်တာဖြစ်ပြီး ဒီမနက် ၈ နာရီမှာတော့ တိုက်ပွဲ ပြင်းထန် သွားကာ ပြည်သူ့စစ်အဖွဲ့ဘက်ကနေ စစ်ကောင်စီက လေကြောင်းနဲ့ လာပစ်ကူပေးတဲ့အပြင် လားရှိုးဘက် က စစ်ကောင်စီတပ်တွေလည်း တက်လာတယ်လို့ ဒေသခံ လူငယ်တဦးက ပြောပါတယ်။
အဲဒီဂျာရန် ပြည်သူ့စစ်တပ်ထဲကို TNLA တွေဝင်ပြီး သေနတ်တွေ အကုန်သိမ်းကာ ပလောင်ကလေးတွေကို အကုန်ပြန်ခေါ် ထွက်သွားပြီးနောက် စစ်ကောင်စီတပ်က ရွာပတ်ပတ် လည် လေကြောင်းနဲ့ လိုက်လံ ပစ်ခတ်နေတာကြောင့် ကြောက်လန့် စိုးရိမ်ပြီး ရွာခံတွေတချို့က ဘုရားကျောင်းမှာ လာခိုနေကြတယ်လို့ သူက ပြောပါတယ်။
အဲဒီပြည်သူ့စစ်တွေက ကျောင်းတက်နေတဲ့ ပလောင်ကလေးတွေကို လာခေါ်သွားပြီး သင်တန်း ပေးနေတာဖြစ်ပြီး သင်တန်းတက်နေတဲ့သူတွေနဲ့ အဲဒီ ပြည်သူ့စစ်မှာပါနေတဲ့ ပလောင်တွေ အားလုံးကို ခေါ်သွားလိုက်ပြီလို့ သိရပါတယ်။
ဒေသခံ အမျိုးသမီးတဦးက "အဲဒီ ဂျာရန်နဲ့ ပန်မွန်း ရွာလယ်မှာ ပစ်နေကြတယ်။ တိုက်ပွဲ တော်တော် ပြင်းနေတယ်။ ရွာခံတွေကိုလည်း မထွက်ခိုင်းဘူး။ အပြင်ကလာတဲ့ လူတွေကိုလည်း ပေးမဝင်ဘူး။ အဲလို အထဲမှာ လှောင်ထားနေတယ် ရွာခံတွေကို။ အရပ်သားပြည်သူတွေကို ကြိုးတုပ်ပြီး ပြည်သူ့စစ်တပ်ထဲ ခေါ်ဝင်သွားတော့ ပြည်သူ့စစ်တွေဘက်က အရပ်သားပြည်သူတွေ ပါနေတော့ ဘာမှ တန်ပြန်လုပ်လို့ မရတော့ဘူး။ ပြည်သူ့စစ်တပ်ထဲမှာ ရှိတဲ့ ငွေတွေ အကုန် မွှေနှောက် ယူသွားတယ်လို့ သိရတယ်" လို့ ပြောပါတယ်။
အဲဒီ ဂျာရန် ပြည်သူ့စစ်တပ်မှာ စစ်ကောင်စီတွေ အမြဲထိုင်တာဖြစ်ပြီး ပြည်သူ့စစ်ထဲက တချို့က TNLA လက်ထဲ ရောက်သွားပြီလို့ သူက ပြောပါတယ်။
ဂျာရန်ပြည်သူ့စစ်ကတော့ အရင်က Kachin Defense Army - KDA အဖွဲ့ လက်ကျန် ပြည်သူ့စစ်အဖွဲ့ ဖြစ်ကြောင်း ဒေသခံတချို့ဆီက သိရပါတယ်။
မိုင်းယော်တိုက်နယ်မှာ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲက အခု ၂၀၂၃ ခုနှစ်မှာ ဒုတိယအကြိမ် ဖြစ်တယ်လို့ နောက်ထပ် ဒေသခံ တဦးက ရှင်းပြပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဟိုခိုကျေးရွာအုပ်စုတွင် ကျား ၆၇၂ ဦး၊ မ ၅၈၇၆ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၅၉ ဦး နေထိုင်ကြောင်း သိရတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းရှိ ပန်ထိုလိန် ကျေးရွာအုပ်စု ခိုခမ်းကျေးရွာမှာ မတ်လ ၅ ရက်နေ့ မနက် ၈ နာရီအချိန်က မြေမြှုပ်မိုင်းပေါက်ကွဲပြီး ကစားနေတဲ့ ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ကလေး ၃ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ရွာထဲမှာ ကလေးတွေ စုပြီး ဆော့နေတဲ့အချိန် မိုင်းပေါက်ကွဲတာ။ အများစုက ကလေးတွေ ဖြစ်နေတာ၊ ဆော့ရင်းနဲ့ ပေါက်တာဆိုတော့ တနှစ်အရွယ်ကလေး အပါအဝင် ၃ ဦးက နေရာမှာပဲ ဆုံးသွားတယ်” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၁၁ ဦးကိုတော့ လားရှိုးမြို့စစ်ဆေးရုံကို ပို့ဆောင်ထားပြီး ကလေးငယ်အချို့ ခြေလက်တွေ ပျက်စီးကုန်တယ်လို့ သိရပါတယ်။
ဒေသခံတဦးက "တိုက်ပွဲငြိမ်နေတာ ၁၀ ရက်လောက်ရှိပြီ။ တိုက်ပွဲအတွင်းမှာ ထောင်ခဲ့တဲ့ မိုင်းထင်တယ်။ ဘယ်အဖွဲ့က ထောင်ခဲ့တဲ့ မိုင်းလဲဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
မိုင်းယော်တိုက်နယ်အတွင်းမှာ ဖေဖော်ရီ ၂၅ ရက်နေ့တုန်းက စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် MMDAA တို့ ကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများခဲ့လို့ လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့ပါတယ်။