close

မိုင်းလားအဖွဲ့

close

June 4, 2022

မိုင်းလားအဖွဲ့က စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၊ နိုင်ငံတော်မှ ခွဲမထွက်ဘဲ တို့တာဝန်အရေး ၃ ပါး လိုက်နာနေဟု ပြော

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)  ဒု ဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်တဲ့အဖွဲ့ဟာ  ဇွန် ၄ ရက် ဒီနေ့မနက် နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးကိုစွဲမြဲစွာ ထိန်းသိမ်းလိုက်နာနေကြောင်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်း ထုတ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ  အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။

တွေ့ဆုံရာမှာ လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစတင်နေချိန် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ ရပ်တန့်မနေဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကိစ္စတွေကို  စစ်ခေါင်းဆောင်က ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

NDAA(မိုင်းလား)အဖွဲ့ ဒုဥက္ကဋ္ဌနဲ့အဖွဲ့ကလည်း ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးပြန်လည် ဆွေးနွေးခဲ့သလို ဒေသခံတိုင်းရင်းသားတွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းလားအဖွဲ့ဟာ နောက်နေ့တွေမှာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ဖို့ ရှိနေပါတယ်။

ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး မိုင်းလားအဖွဲ့ဘက်က ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အတွင်းရေးမှူး(၂) ဦးအားလူနဲ့ ဆက်ဆံရေးနှင့် ဆက်သွယ်ရေးဌာနကြီးမှူး ဦးစိုင်းမောက်တို့ တက်ရောက်ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလားအဖွဲ့)က ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ နေပြည်တော်မှာ ဇွန်လ ၃ ရက်ကတည်းက  ရောက်ရှိနေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုက်ပွဲတွေဖြစ်ပွားနေတာ မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က တက်ရောက်ဖို့ စာရင်းပေးထားပြီး တဖွဲ့ချင်း နေပြည်တော်ကို သွားရောက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIA၊ CNF စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့  ဆွေးနွေးပွဲမတက်ဘူးလို့ ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီနဲ့ အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးမှုတွေဟာ တရားမဝင်တဲ့အကြောင်းနဲ့ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။

9 hours Ago

အာဏာသိမ်း စစ်ခေါင်းဆောင်နှင့်တွေ့ဆုံရန် မိုင်းလားအဖွဲ့ နေပြည်တော်ရောက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလားအဖွဲ့)က ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ နေပြည်တော်မှာ ရောက်ရှိနေပါတယ်။ 

မိုင်းလား ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၃ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျိုင်းတုံမြို့ကနေ လေကြောင်းခရီးစဉ်နဲ့ နေပြည်တော်ကိုရောက်လာရာမှာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူတွေက ကြိုဆိုကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

မိုင်းလားအဖွဲ့ဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ရှိသလို စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ရှိနေပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုက်ပွဲတွေဖြစ်ပွားနေတာ မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က တက်ရောက်ဖို့ စာရင်းပေးထားပြီး တဖွဲ့ချင်းနေပြည်တော်ကို သွားရောက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIA၊ CNF စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့  ဆွေးနွေးပွဲမတက်ဘူးလို့ ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီနဲ့ အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးမှုတွေဟာ တရားမဝင်တဲ့အကြောင်းနဲ့ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။ 

Photo- MOI

21 hours Ago

May 7, 2022

စစ်ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မိုင်းလားအဖွဲ့ သွားတက်မည်

မိုင်းလားအဖွဲ့လို့ လူသိများတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) လက်နက်ကိုင်အဖွဲ့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မယ်လို့ NDAA ပြောရေးဆိုခွင့်ရှိသူ  အတွင်းရေးမှူး ဦးကြည်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲက နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက်နည်းလမ်းဖြစ်လို့ ဒုဥက္ကဋ္ဌ  ဦးဆောင်ပြီး ဆွေးနွေးပွဲတက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ‘ဝ’ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC အဖွဲ့ဝင်အနေနဲ့  တက်တာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

“ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲဆိုတာ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်တဲ့နည်းနာပဲဖြစ်တယ်။ ဒါကြောင့်  ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲ တက်မယ်ဆိုတာ ပြောထားတာပါ။  ကျနော်တို့ကတော့ ကျနော်တို့ လူကြီးတဦးတော့ တက်ပါမယ်။ ဒုတိယ ဥက္ကဋ္ဌ အဆင့်တဦး တက်မှာပါ။”

မိုင်းလားအဖွဲ့အနေနဲ့  ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့  အထူးဒေသ ၄ မှာ နေထိုင်နေတဲ့ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးရဖို့ အဓိကထားဆွေးနွေးသွားမယ်လို့လည်း  ဦးကြည်မြင့်က ပြောပါတယ်။ 

“ဆွေးနွေးတာတော့ အဓိက ကျနော်တို့ဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နိုင်ငံတော်ရဲ့ ကူညီမှုရနိုင်အောင် အဲဒီဘက်မှာပဲ ကြိုးစားပြီးတော့ ဆွေးနွေးမှာပါ။ ကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခွင့်အရေးနည်းနည်းလေးရရင်လည်း ကျနော်တို့ ပါဝင်ရမှာပဲ။ ဒါဆွေးနွေးပွဲဆိုလည်း အခွင့်အရေးတခုပဲလို့။ တခြားမှာ ဘယ်လောက်ကြီး တခြားလူတွေနဲ့  သူတို့နဲ့ ပဋိပက္ခ ပြင်းထန်ပြင်းထန် ကျနော်တို့လည်း ကြားမှာ ကွဲလွဲမှု ဘယ်လောက်ရှိရှိ ဆွေးနွေးနိုင်တဲ့ နေရာရှိရင် လက်နက်နဲ့ မသုံးဘဲနဲ့ ဆွေးနွေးလို့ ပြေလည်နိုင်မယ့် ကိစ္စရှိရင် ကျနော်တို့ ကြိုးစားမှာပါ။ ပြည်တွင်းမှာတော့ သွေးထွက်သံယိုမှုက သိပ်များလွန်းနေတယ်။ ပြည်သူလူထုက တအားနစ်နာနေတယ်။”

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ က အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA  မိုင်းလားအဖွဲ့ဟာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ အထူးဒေသ ၄ မိုင်းလားဒေသ ဧရိယာဟာ မြို့နယ် ၃ မြို့နယ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လူဦးရေ ၃ သိန်းကျော်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသဖြစ်ပါတယ်။ 

4 weeks Ago
Up