ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းလားလမ်း၊ ကပ်ဖရွာအုပ်စု၊ နောင်ငင်းရွာနားက နောင်ငင်းဘုန်းကြီးကျောင်းအရှေ့မှာ မေ ၁ ရက် မနက်ပိုင်းက ခရီးသည် တင်ကား တစ်စီး သစ်ပင်ကို ဝင်တိုက်ခဲ့တာကြောင့် ယာဉ်မောင်းအပါ ၇ ဦးထဲက ၁ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်က သိရပါတယ်။
ခရီးသည် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး လိုက်ပါလာတာတဲ့ အဲဒီကားဟာ မိုင်းလားဘက်ကနေ ကျိုင်းတုံကို မောင်းနှင်လာတဲ့ ဟွန်ဒိုင်း STAREX ကားဖြစ်ပြီး လမ်းမှာ မိုးရွာချိန် မနက် ၈ နာရီခွဲခန့်က စလစ်ဖြစ်ကာ လမ်းဘေးထိုးကျပြီး သစ်ပင်ကို တိုက်မိတာပါ။
ကျိုင်းတုံအခြေစိုက်ပရဟိတအသင်း တာဝန်ရှိသူ တဦးက "အားလုံးလူကြီး ၆ ယောက်၊ ကလေး ၁ ယောက်ပါတယ်။ မိုင်းလားဘက်က လာကြတာ။ ကားဘီး စလစ်ဖြစ်ပြီး ဘေးက သစ်ပင်ကို တိုက်မိတာ အရှိန်နဲ့ဆိုတော့ ကားအရှေ့ဘက်ကြေသွားတာပေါ့၊ ယောကျ်ား တစ်ဦးက ရောက်က တည်းက DB ဖြစ်နေပြီ။ တစ်ဦးက ကားထဲညှပ်နေလို့ ကျိုင်းတုံ မီးသတ်က ရောက်လာပြီး ဆွဲထုတ် ပေးရတယ်"လို့ ဆိုပါတယ်။
ယာဉ်မတော်တဆမှုဖြစ်ပေါ်တဲ့နေရာကို ကျိုင်းတုံမြို့နယ်မီးသတ်ဌာန၊ မြို့ခံကယ်ဆယ်ရေးအသင်း တွေနဲ့ တခြားအရပ်ဖက်အဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေအနက် စိုးရိမ်ဒဏ်ရာရ လူနာ ၄ ဦးကို ကျိုင်းတုံမြို့နယ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားတယ်လို့ သိရပြီး သေဆုံးသူကို ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်က မြန်မာစံတော်ချိန် ညပိုင်း ၁၁ နာရီခွဲလောက်မှာ တရုတ်အမျိုးသား မောင်းလာတဲ့ အဖြူရောင် အိမ်စီးကားတစီး လမ်းဘေးရှိ ဟော့ပေါ့ဆိုင်ကို အရှိန်နဲ့ ဝင်တိုက်လို့ စားသောက်နေသူတချို့ ဒဏ်ရာရသွားပါတယ်။
အဆိုပါ တရုတ်အမျိုးသားဟာ အရက်မူးနေပြီး ဖုန်းသုံးရင်း ကားမောင်းတာကြောင့် အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကို ဝင်တိုက်တာလို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။
CCTV မှတ်တမ်းအရ ဧည့်သည်တွေ ဟော့ပေါ့ထိုင်စားနေချိန် ရုတ်တရက် အရှိန်နဲ့ ဝင်လာတဲ့ကားကြောင့် တချို့ဧည့်သည်တွေအနေနဲ့ ရှောင်ချိန်မရလိုက်ဘဲ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး အမျိုးသမီး ၁ ဦးကတေ့ာ ကားအောက်ရောက်သွားပြီး ထိခိုက်ဒဏ်ရာကြောင့် ဆေးရုံပို့ခဲ့ရကာ သေဆုံးသူမရှိဘူးလို့ သိရပါတယ်။
ကားထဲမှာ ယာဉ်မောင်းတရုတ်အမျိုးသား တဦးသာပါရှိပြီး ကားနဲ့ ဆိုင်ထဲကို အရှိန်နဲ့ ဝင်ရောက်လာတဲ့ ယာဥ်မောင်းကို မိုင်းလားမြို့က ယာဉ်ထိန်းရဲက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အခုလို အိမ်စီးကား ဆိုင်ထဲဝင်တိုက်တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "မိုင်းလားမှာက ဥပဒေ မရှိဘူး။ သူက အရက်မူးနေပြီး ကားမောင်းတာ။ ကားမောင်းရင်းလည်း ဖုန်းသုံးနေတာ။ ပိုက်ဆံလျော်နိုင်ရင် အချုပ်ထဲ မနေရဘူး။ ပိုက်ဆံမပေးနိုင်ရင်တေ့ာ အချုပ်ထဲ နေရမယ်။ အဓိက ပိုက်ဆံပဲ”လို့ မိုင်းလားမှာ သွားရောက်အလုပ်လုပ်ကိုင်သူက ပြောပါတယ်။
ဟော့ပေါ့ ဆိုင်ပိုင်ရှင်ဟာ ရှမ်းလူမျိုးဖြစ်ပြီး ပျက်စီးသွားတဲ့ ဆိုင်ပစ္စည်းတွေအတွက် လျော်ကြေးရမရကိုတေ့ာ မသိရဘဲ ထိခိုက်ဒဏ်ရာရရှိသူတွေအတွက်လည်း ဆေးကုသမှုစရိတ်တွေကို တာဝန်ယူကုန်ကျခံတာမျိုး ရှိမရှိဆိုတာကို မသိရပါ။