close

မိုဆိုကျေးရွာ

close

January 4, 2022

ဖရူဆို အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှု ICC တရားရုံးသို့ တင်ပြသွားမည်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ လူတွေ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က ကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား အများအပြား ရရှိထားသလို နိုင်ငံတကာရာဇဝတ်မှုတရားရုံး  ICC ကို တင်ပြသွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။  

ဖရူဆိုမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့  စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ KSCC လက်အောက်ခံ ကရင်နီပြည်နယ်ရဲဌာန၊ အလောင်းတွေ ရင်ခွဲစစ်ဆေးခဲ့တဲ့ဆရာဝန်၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေနဲ့ နစ်နာသူတွေရဲ့ မိသားစုဝင်တွေက  ဇန်နဝါရီ ၃ ရက်ညပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တွေ့ရှိချက်တွေကို မီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ 

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ကျူးလွန်တဲ့ သက်သေအထောက်အထား အများအပြား ရရှိထားသလို အမှန်တရားပေါ်ပေါက်ရေးအတွက် အဲဒီသက်သေတွေနဲ့အတူ ICC ကို တင်ပြသွားမှာဖြစ်ပြီး၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (IIMM)ကိုလည်း အချက်လက်တွေ ပေးပို့သွားမယ်လို့ NUGအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ 

ဖရူဆိုမြို့နယ် အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ၊ မိုဆိုကျေးရွာအနီးမှာရှိတဲ့ ရွာချင်းဆက်လမ်းပေါ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့မှုဖြစ်စဉ်မှာ သေဆုံးခဲ့သူ ၃၉ ဦးလောက်ထိရှိနိုင်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေ့မှာ အဲဒီလမ်းကို အသုံးပြုသွားလာပြီး ပျောက်ဆုံးနေကြောင်း အကြောင်းကြားလာတဲ့ လူစာရင်းကတော့ ၄၂ ဦးအထိ ရှိနေတယ်လို့ ကရင်နီပြည်နယ် ရဲဌာန ပြောရေးဆိုခွင့်ရှိသူ  ဦးဘိုဘိုက ပြောပါတယ်။

မီးလောင်ကျွမ်းသွားတဲ့ ရုပ်အလောင်းတွေထဲမှာ စစ်ဆေးနိုင်ခဲ့တဲ့ ရုပ်အလောင်းစုစုပေါင်းကတော့ ၃၁ ဦးရှိပြီး အဲဒီထဲမှာ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၅ ဦးပါဝင်တယ်လို့ ရင်ခွဲစစ်ဆေးခဲ့တဲ့ CDM ဆရာဝန်က အတည်ပြုပါတယ်။

အဲဒီထဲမှာမှ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြား အမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်ပြီး အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် အမျိုးသားနှစ်ဦးလည်း  ပါဝင်နေပါတယ်။

4 days Ago

December 29, 2021

မိုဆိုကျေးရွာအနီး အစုအပြုံလိုက်မီးရှို့အသတ်ခံရသည့် ရုပ်လောင်း ၃၀ ကျော်ကို မြေမြှုပ်သင်္ဂြိုဟ်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ဒီဇင်ဘာ ၂၄ ရက်က အစုအပြုံလိုက် မီးရှို့ခံခဲ့ရသူ ၃၀ ကျော်ရဲ့ ရုပ်လောင်းတွေကို ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ဒီးမော့ဆိုမြို့နယ်တနေရာမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

Save the Children ဝန်ထမ်း ၂ ဦး အပါအဝင် မီးရှို့ခံရသူ ၃၀ ကျော်ရဲ့ ကြွင်းကျန်ရုပ်လောင်းတွေအပါအဝင်  နယ်ခြားစောင့်တပ်က သတ်ဖြတ်ခံရတဲ့ တပ်သား ၄ ဦးရဲ့ ရုပ်လောင်းတွေကိုလည်း ဒီကနေ့ တပါတည်း သင်္ဂြိုဟ်ခဲ့တာလို့ သိရပါတယ်။

ရုပ်လောင်း ၂၇ လောင်းသာ ပြန်လည်ကောက်ယူနိုင်ပြီး နားကပ်တွေပါတဲ့အတွက် အမျိုးသမီးတွေ ပိုများနိုင်တယ်လို့ ရုပ်အလောင်းသွားကောက်ရာမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်သားတဦး ပြောပြချက်အရ သိရပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူ လူပေါင်း ၃၀ ကျော်မှာ  Save the Children က ဝန်ထမ်း ၂ ဦး၊ ကလေးငယ် ၄ ဦးနဲ့  အမျိုးသမီး ၂ ဦးလည်း ပါဝင်ကြောင်း UNICEF က ဒီဇင်ဘာ ၂၈ မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးကျော်လွင်ထူးနဲ့ သူ့ဝန်ထမ်း ၇ ဦးလည်း ဘောခဲမြိုနယ်ကို စက်သုံးဆီ သွားရောက်ပို့ဆောင်စဉ် ပျောက်ဆုံးနေပြီး ဒီမီးရှို့ခံရမှုမှာ ပါဝင်နိုင်ကြောင်း ခန်းမှန်းပြောဆိုနေကြပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ လက်အောက်ခံ ကရင်နီပြည်ရဲဌာန (KSP) ကတော့ ဖရူဆိုမြို့နယ် မိုဆိုရွာက အစုအပြုံလိုက် သတ်ဖြတ်မီးရှို့မှုကို အတိအကျစုံစမ်းနေပြီး တစ်ကမ္ဘာလုံးသိအောင် ဖော်ထုတ်သွားမယ်လို့ ပြောထားပါတယ်။

ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အဆိုပါ မီးရှို့သတ်ဖြတ်မှုဖြစ်စဉ်နဲ့  ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ရှုတ်ချကန့်ကွက်ထားကြပြီး ကျူးလွန်သူကို  စုံစမ်းစစ်ဆေး အရေးယူဖို့ တောင်းဆိုနေကြပါတယ်။

1 week Ago
Up