close

မိုဒါနာ

close

December 1, 2021

Omicron ကိုဗစ်မျိုးကွဲသစ်အပေါ် ကာကွယ်ဆေးများသက်ရောက်နိုင်စွမ်းနည်းဟု မိုဒါနာကုမ္ပဏီ အကြီးအကဲပြော

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတွေဟာ ဒယ်လ်တာ ဗီဇမျိုးကွဲကို ထိထိရောက်ရောက် ကာကွယ်နိုင်သလိုမျိုး  အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအပေါ် သက်ရောက်နိုင်စွမ်းရှိမယ့် အလားအလာ နည်းတယ်လို့ ကာကွယ်ဆေးထုတ်လုပ်သူ မိုဒါနာရဲ့ အကြီးအကဲက နိုဝင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

မိုဒါနာရဲ့ CEO အမှုဆောင် အရာရှိချုပ် စတေဖန်ဘန်ဆယ်က Financial Times  သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ခုလို ပြောလိုက်တာပါ။

“အချက်အလက်တွေကို စောင့်ရဦးမှာ ဖြစ်လို့ ဘယ်လောက်ပမာဏလဲ ဆိုတာတော့ ကျနော် မသိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ ပြောခဲ့တဲ့ သိပ္ပံပညာရှင် အားလုံးက ပြောတယ်။ ဒါဟာ ကောင်းလာမယ့်ကိစ္စ မဟုတ်မယ့် အလားအလာပဲ” လို့ ဘန်ဆယ်က ပြောပါတယ်။

အိုမီခရွန်ဗီဇမျိုးကွဲအပေါ် ကာကွယ်ဆေးတွေရဲ့ ထိရာက်မှုနဲ့ပတ်သက်လို့ သတင်းအချက်အလက် တွေကို ဘယ်တော့လောက် ရမယ်လို့ မျှော်လင့်ထားသလဲ ဆိုတဲ့ မှတ်ချက်ကို တောင်းခံထားပေမဲ့ မိုဒါနာက အကြောင်းမပြန်သေးပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကတော့ အိုမီခရွန်ကို  စိုးရိမ်ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ်အဖြစ် ကြေညာထားပါတယ်။

နိုဝင်ဘာ ၂၄ ရက်က တောင်အာဖရိကမှ စတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန်ဟာ ခုတော့ ကမ္ဘာ့ နိုင်ငံပေါင်း တဒါဇင်ကျော်ကို ပျံ့နှံ့ကူးစက်ခဲ့ပြီးပါပြီ။

1 min Ago

November 29, 2021

အိုမီခရွန်ဗီဇမျိုးကွဲအတွက် ကာကွယ်ဆေးသစ် လာမည့်လဆန်းပိုင်း အဆင်သင့်ဖြစ်နိုင်ဟု မိုဒါနာပြော

ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ဗီဇမျိုးကွဲအတွက် ကာကွယ်ဆေးအသစ် လာမယ့်နှစ်ဆန်းပိုင်းမှာ အသင့်ဖြစ်ဖို့ အလားအလာရှိတယ်လို့ မိုဒါနာ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းအကြီးအကဲ ဆေးဘက်ဆိုင်ရာအရာရှိချုပ် ဒေါက်တာပေါလ်ဘာတွန်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

လက်ရှိ ရှိထားပြီးသား ကာကွယ်ဆေးတွေက အိုမီခရွန်ကို ကာကွယ်ပေးနိုင်မလားဆိုတာ သိရဖို့ သီတင်းပတ် နှစ်ပတ်လောက် အချိန်ယူရဦးမယ်လို့ သူက ဘီဘီစီသတင်းဌာနရဲ့ အန်ဒရူးမားစ် အစီအစဉ်မှာ ပြောပါတယ်။

“၂၀၂၂ နှစ်ဆန်းပိုင်းမှာ ပမာဏ အမြောက်အမြား တကယ့်ကို ရနိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ လူထုက အခု အရေးယူဆောင်ရွက်ရမယ့် အရေးအကြီးဆုံးလုပ်ရပ်က ကာကွယ်ဆေးထိုးနှံကြဖို့နဲ့ ဆေးအာနိသင် ဆက်ထိန်းထားမယ့် ဆေးစွမ်းမြှင့်ထိုးဆေးကို ထိုးနှံကြဖို့ပဲ။ ဒီဗိုင်းရပ်စ်ဟာ အန္တရာယ်ရှိပုံရပေမယ့် ကျနော်တို့မှာ ပြန်တိုက်နိုင်တဲ့ နည်းလမ်း တန်ဆာပလာတွေ လက်နက်တိုက်ထဲမှာ အများအပြားရှိတယ်လို့ ထင်တယ်။ ကျနော် အကောင်းမြင်ထားပါတယ်။”

အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံရလို့ ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေဟာ အနုစား ဖြစ်ပြီး အိမ်မှာတင် ကုသလို့ ရနိုင်ကြောင်း ဗီဇမျိုးကွဲကို စတင်သံသယရှိတဲ့ တောင်အာဖရိက ဆရာဝန်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။

ကူးစက်ခံ လူနာတွေဟာ အနံ့ အရသာ မပျောက်သလို သွေးတွင်းအောက်ဆီဂျင် အကြီးအကျယ် ကျဆင်းတာမျိုးလည်း မရှိဘူးလို့ တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာန ကာကွယ်ဆေးဆိုင်ရာ အကြံပေးကော်မတီဝင် ဒေါက်တာအိန်ဂျလစ်ကိုအစ်ဇီက ပြောပါတယ်။

သူကုသပေးရတဲ့ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံ ၅၀ ရာခိုင်နှုန်းနီးပါးက ကာကွယ်ဆေး မထိုးရသေးတဲ့လူတွေဖြစ်လို့ ဗီဇမျိုးကွဲက ကာကွယ်ဆေးကို ကျော်နိုင်တယ်လို့ အတည်မပြုရသေးကြောင်းလည်း သူက ပြောပါတယ်။

အိုမီခရွန် ဗီဇမျိုးကွဲဟာ ခုတော့ ကမ္ဘာတလွှားကူးစက်နေပြီး နယ်သာလန်မှာ ၁၃ ယောက်၊ ဒိန်းမတ်နဲ့ ဩစတြေးလျမှာ ၂ ယောက်စီ ရှိပြီး ခရီးသွားကန့်သတ်ချက် ပိုတင်းတင်းကျပ်ကျပ် ချမှတ်တဲ့ နိုင်ငံတွေ များလာနေပါပြီ။

ဗြိတိန်မှာလည်း ကူးစက်ခံ ၂ ယောက် တွေ့ခဲ့လို့ အစိုးရက နိုဝင်ဘာ ၂၇ ရက်ကစပြီး ကန့်သတ်ချက် အသစ်တွေကို ကြေညာခဲ့ပါတယ်။

ကူးစက်မှု နှေးစေဖို့ ဗြိတိန်နိုင်ငံထဲကို ရောက်လာတဲ့ လူတွေအပေါ် စည်းမျဉ်းတင်းကျပ်ခဲ့သလို အင်္ဂလန်နယ်အတွင်း ခရီးသွားချိန်နဲ့ လက်လီဆိုင်တွေထဲ ဝင်ထွက်ချိန်မှာ ပါးစပ် နှာခေါင်းစည်းတွေကို မဖြစ်မနေ ဝတ်ဆင်ကြဖို့ အမိန့်ထုတ်ထားပါတယ်။

2 days Ago
Up