အမေရိကန် စားနပ်ရိက္ခာနဲ့ ဆေးဝါးစီမံခန့်ခွဲရေး အေဂျင်စီ (FDA) က အကြံပေးတွေဟာ မိုဒါးနား နိုင်ငံတကာ ကော်ပိုရေးရှင်းကထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၆ နှစ်ကနေ ၁၇ နှစ်ကြား ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် ခွင့်ပြုပေးဖို့ ဇွန် ၁၄ ရက်မှာ တညီတညွတ်တည်း အကြံပြုခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၇၇ သန်းဟာ အသက် ၁၈ နှစ်အထက်တွေအတွက် မိုဒါးနားကာကွယ်ဆေးကို ၂ ကြိမ်ထက်မနည်း ထိုးနှံပြီးကြပါပြီ။
ပြင်ပကျွမ်းကျင်သူများကော်မတီကလည်း အသက် ၆ နှစ်အောက် ကလေးတွေအတွက် မိုဒါးနားထိုးဆေးနဲ့ ၅ နှစ်အောက် ကလေးတွေအတွက် ဖိုင်ဇာနဲ့ ဘိုင်အိုအန်တက်ခ်ရဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးဆေးတွေကို ထည့်သွင်းစဉ်းစားဖို့ ဇွန် ၁၅ ရက်မှာ စီစဉ်ထားပါတယ်။
ဆေးတွေအားလုံးအတွက် အသက် ၆ လထိငယ်တဲ့ ကလေးတွေကိုပါ ထိုးနှံပေးဖို့ စဉ်းစားနေပါတယ်၊ အမေရိကန်နိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေး ၃၀ ရာခိုင်နှုန်းလောက်နဲ့ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်ကြား လူငယ် ၆၀ ရာခိုင်နှုန်းသာ ကာကွယ်ဆေး အပြည့်ထိုးထားတယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (CDC) ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။