ပြင်သစ်သမ္မတ မက်ခရွန်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ မေ ၄ ရက်က ပါရီမြို့မှာ တွေ့ဆုံပြီး ယူကရိန်းအရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယကို ရုရှားဆီက ဓာတ်ငွေ့နဲ့ ရေနံကို မှီခိုနေရတဲ့ဘဝကနေ လွတ်မြောက်အောင် ဘယ်လိုနည်းလမ်းရှာမလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ယူကရိန်းနဲ့ ရုရှားတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ မေ ၃ ရက်က ဒိန်းမတ်နိုင်ငံမှာ ရောက်နေတုန်း တောင်းဆိုခဲ့ပါတယ်။
အခုအချိန်အထိ အိန္ဒိယဟာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို ပြတ်ပြတ်သားသား မဝေဖန်ဘဲ အကြမ်းဖက်မှု ရပ်တန့်ရေးလောက်ကိုပဲ ထိန်းထိန်းသိမ်းသိမ်း တောင်းဆိုနေတာပါ။
အိန္ဒိယဝန်ကြီးချုပ်ရဲ့ ပြင်သစ်နိုင်ငံခရီးစဉ်ဟာ ဂျာမနီ၊ ဒိန်းမတ်နဲ့ ပြင်သစ် ဥရောပသုံးနိုင်ငံ ခရီးရဲ့ နောက်ဆုံးခရီးတထောက် ဖြစ်ပါတယ်။
မက်ခရွန်နဲ့ မိုဒီတို့ဟာ ယူကရိန်းကိစ္စအပြင် အာဖဂန်နစ္စတန်အရေး၊ ရာသီဥတု ပြောင်းလဲမှု ကိစ္စနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။
အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းက ဂျိုဒပူရ်မြို့မှာ မေ ၃ ရက်က အိဒ်ပွဲတော် ဝတ်ပြုပွဲတွေအပြီး ဟိန္ဒူဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်လို့ ရဲတွေက နံပါတ်တုတ်တွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။
ဟိန္ဒူနတ် ပါရှုရမ်ရဲ့ မွေးနေ့အထိမ်းအမှတ်အလံကို ဂျိုဒပူရ်မြို့ဝင်မုခ်ဦးမှာ လွှင့်ထူထားကာ အဲဒီနေ့မှာ မွတ်စလင်တွေက ရာမာဒန်ဥပုသ်လ ပြီးဆုံးချိန် အိဒ်ပွဲတော် ကျင်းပနေခဲ့ပါတယ်။
လူအုပ် ၂ စုဟာ မေ ၂ ရက်ကစပြီး ရုန်းရင်းဆန်ခတ်ဖြစ်လို့ ရဲတွေ ဒဏ်ရာရခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
ပဋိပက္ခဟာ မေ ၃ ရက်မှာ ထပ်ဖြစ်ခဲ့ပါတယ်။ လတ်တလော သီတင်းပတ်တွေမှာ အိန္ဒိယရဲ့ အစိတ်အပိုင်း တော်တော်များများက ဘာသာရေးပွဲတွေအတွင်း လူများစု ဟိန္ဒူတွေနဲ့ လူနည်းစု မွတ်စလင်တွေကြား ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ (BJP) ပါတီဟာ လတ်တလောနှစ်တွေမှာ ဘာသာရေးအစွန်းရောက် အုပ်စုတွေကို ရဲဆေးတင်ပေးပြီး ဟိန္ဒူယုံကြည်မှုကို ကာကွယ်ဖို့ အကြောင်းရှာခိုင်းတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ဒါပေမဲ့ သူ့ပါတီကတော့ မိုဒီ အုပ်ချုပ်ချိန်အတွင်း လူ့အဖွဲ့အစည်းထဲမှာ တင်းမာမှု တိုးလာတယ်ဆိုတဲ့ အချက်ကို ငြင်းထားပါတယ်။
၂၀၂၀ အစောပိုင်းတုန်းက နိုင်ငံသားဥပဒေပြဋ္ဌာန်းချိန်က ဖိနှိပ်တဲ့အချက်တွေ ပါတယ်လို့ မွတ်စလင်တွေက ပြောရင်း အိန္ဒိယနိုင်ငံတဝန်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ လူမျိုးရေးတင်းမာမှု ကျယ်ပြန့်လာပြီး လူဒါဇင်ချီ သေဆုံးခဲ့ပါတယ်။