ဗဟိုဘဏ်၊ စစ်ထောက်လှမ်းရေး၊ CID၊ စသုံးလုံးနဲ့ အခြားဌာနဆိုင်ရာများပါတဲ့ မိုဘိုင်း ငွေရေးကြေးရေး စစ်ဆေးရေးအဖွဲ့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီက ဖွဲ့စည်းပေးခဲ့တယ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။
စစ်ကောင်စီက NUG နဲ့ PDF တွေကို ငွေကြေးမလှူဒါန်းနိုင်အောင် ပြီးခဲ့တဲ့ရက်ပိုင်းက အမိန့်ကြော်ငြာစာအမှတ် (၁၃၉/၂၀၂၂) နဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ ၁၁ ဦးကော်မတီကို ဖွဲ့စည်းခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ပြည်ထဲရေးက အရန်လောက်ပဲ စစ်ထောက်လှမ်ရေးပါမယ်။ ငွေကြေးထောက်လှမ်းရေး ပါမယ်။ CID ပါတယ်။ စသုံးလုံး ပါတယ်။ ဗဟိုဘဏ်က အဓိက ဦးဆောင်သူ။”
ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်ကို ဥက္ကဋ္ဌ တာဝန်ပေးအပ်ကာ စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး ထောက်လှမ်ရေးအင်အား အများအပြားနဲ့ ဆောင်ရွက်မယ်လို့ စရဖနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ပြောရရင် ဦးခင်ညွန့်ရဲ့ အကြံဉာဏ်တွေ ဖြစ်မယ်ဗျ။ ဦးခင်ညွန်နဲ့ မင်းအောင်လှိုင် တွေ့တယ်။ ပြီးခဲ့တဲ့လတွေက တွေ့ဆုံပြီးနောက်ပိုင်း အခုကိစ္စတွေ ဖြစ်လာတာပဲ။ ၁၁ ဦးကော်မတီမှာ CID စစစ ငွေကြေးထောက်လှမ်းရေးအဖွဲ့ စရဖ အဲဒီလိုတွေ ပါလာတယ်။ အပြင်က အနားယူထားတဲ့သူတွေလည်း ပါတယ်။”
ငွေရေးကြေးရေး စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ အမျိုးသားလုံခြုံရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ငွေရေးကြေးရေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) နဲ့ ဗဟိုဘဏ်တို့ ပါဝင်တယ်လို့ ဗဟိုဘဏ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ငွေဝင်ငွေထွက်များတဲ့ Kpay၊ wavepay တွေကို အဲဒီအဖွဲ့က စစ်ဆေးချင်တယ်ဆို ဗဟိုဘဏ်က အချက်အလက်တွေ ထုတ်ပေးရတာ အကောင့်ပိတ်တာက ဗဟိုဘဏ်က တာဝန်ယူတာ၊ စုံစမ်းတာ စစ်ဆေးတာ ဖမ်းဆီးတာ၊ ချိပ်ပိတ်တာက စစ်တပ်နဲ့ ရဲလုပ်တာ။”
စစ်ကောင်စီက ပြီးခဲ့တဲ့လတွေက NUG၊ CRPH၊ CDM နဲ့ PDF စတဲ့အဖွဲ့အစည်းအသီးသီးကို လှူဒါန်းလို့မရအောင် wave pay / kapy acc အကောင့်များကို ပိတ်သိမ်းခဲ့တာအပြင် ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။