မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက် ၅ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခံခဲ့ရာမှာ စစ်ကောင်စီတပ်က ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Red Wolf of Mogok အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ လက်နက်ကြီး ၆ လုံးနဲ့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် လက်နက်ငယ်နဲ့ ၁၅ မိနစ်လောက် ပစ်ခတ်ခဲ့တာလို့လည်း ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးရုံး ခေါင်မိုးတွေ ပွင့်ထွက်သွားပြီး နံရံမှာလည်း ကျည်ထိမှန်ရာတွေ တွေ့မြင်ခဲ့ရတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
“ဒီနေ့မနက် ငါးနာရီလောက် အသံကြားတာ ဆက်တိုက်ပဲ။ ပေါက်ကွဲသံတွေကော ပစ်ခတ်သံတွေကော ကြားတာ။ ထိခိုက်မှုကတော့ မသိရဘူး” လို့ ကသဲကျေးရွာအုပ်စုမှ ဒေသခံတဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ လမ်းပိတ်စစ်ဆေးတာတွေကို မွန်းလွဲပိုင်းအထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီတပ်သားတွေ နေ့ရောညပါ တပ်စွဲထားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ စျေးကြီးအနီးမှာ အရပ်ဝတ်နဲ့ ပြည်သူအသွင်ယူထားတဲ့ ဒုရဲအုပ်တယောက်ကို မိုးကုတ်မြို့နယ် ပကဖက ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီကျော်လောက်က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးဘက်က ကင်းထောက်တယောက်နဲ့ ပစ်တဲ့သူတယောက်၊ ဆိုင်ကယ်မောင်းတဲ့သူတယောက် စုစုပေါင်း ၃ ယောက် အသုံးပြု တိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။
“ကျနော်တို့ ဒီပုဂ္ဂိုလ်ကို ပစ်ခတ်နိုင်ဖို့ တပတ်လောက်အထိ အချိန်ယူခဲ့ရပါတယ်ဗျ။ သူက မိုးကုတ်မြို့ စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်ဆေးတာတွေရှိတယ်။ နောက်ပြီး သူက စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူတွေကို လူလိုမဆက်ဆံဘဲ အမြဲရိုက်နေတဲ့ကောင်ပါ။ ကျနော်တို့ ပစ်ခတ်ခဲ့တာက သေနတ်ကျည် ၃ ချက်နဲ့ ပစ်ခတ်ခဲ့တယ်ဗျ။ လက်မောင်းတချက်၊ နောက်ကျောကုန်းတချက် ထိမှန်တယ်လို့ ကျနော်တို့ ပြန်သိထားရတယ်။ သေမလား၊ ရှင်မလားတော့ စုံစမ်းနေဆဲပါပဲဗျ။ ဆိုင်ကယ်မောင်းနေရင်း ပစ်ရတာဆိုတော့ လိုအပ်ချက်တွေ ရှိသွားလို့ ကျနော်တို့ဘက်က အတိအကျ မပြောနိုင်ရတာပါ” လို့ မိုးကုတ်မြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် မင်းမနိုင်က ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ ပစ်ခတ်ခံရသူဟာ ဒုရဲအုပ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောဆိုပေမဲ့ စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့သူတွေကို စောင့်ကြည့်နေပြီး ပြည်သူအများအတွက်ရော၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအတွက်ရော လုံခြုံရေးနဲ့ တော်လှန်ရေးကို ထိပါးပြီး စစ်ကောင်စီကို သတင်းပေးပါက ထိရောက်စွာ အရေးယူတာတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း မိုးကုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။