close

မိုးကုတ်သပိတ်ခေါင်းဆောင်

close

July 21, 2021

မိုးကုတ်သပိတ်ခေါင်းဆောင်၏ သမီးဖြစ်သူ ထောင်ထဲတွင် ကိုဗစ်-၁၉ ကူးစက်ခံရ

မန္တလေးတိုင်း မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ဦးစိုးဌေးကိုယ်စား ဓားစာခံဖမ်းဆီးခံရပြီး ထောင် ၃ နှစ်ချခံထားရတဲ့ တတိယနှစ် ဥပဒေကျောင်းသူ မသိမ့်စန္ဒီစိုးဟာ မိုးကုတ်မြို့အချုပ်ထောင်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ အချုပ်ထောင်က ရဲတစ်ယောက်ဖုန်းဆက်လာတာဖြစ်ပြီး မသိမ့်စန္ဒီစိုးကို ပထမအကြိမ် ရောဂါစစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာဖြစ်ပြီး ဆေးဝါးနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုပါ ထည့်ပေးဖို့ မှာတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

မသိမ့်စန္ဒီစိုးဟာ အချုပ်ထောင်မှာ ဆေးဝါးကုသခွင့်မရဘဲ သွေးလေးဘက်နာ ရောဂါအခံရှိတာကြောင့် ကျန်းမာရေး စိုးရိမ်နေရတယ်လို့ သိရပါတယ်။

မသိမ့်စန္ဒီစိုးရဲ့ မိခင်ဖြစ်သူကိုလည်း မိုးကုတ်မြို့ အပေါ်အချုပ်ထောင်မှာထားပြီး သမီးဖြစ်သူကိုတော့ အောက်အချုပ်ထောင်မှာထားတာ ခွဲထားတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ဦးစိုးဌေးကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ဝရမ်းထုတ်ထားပြီး ဖမ်းမမိတာကြောင့် ဇနီးဖြစ်သူနဲ့ သမီးတို့ကို ဓားစာခံဖမ်းထားပြီးနောက် ဇူလိုင် ၁၃ ရက်နေ့က ထောင်ဒဏ် ၃နှစ်စီချလိုက်တာလို့ သိရပါတယ်။

12 hours Ago

April 24, 2021

မိုးကုတ်သပိတ်ခေါင်းဆောင်အိမ်ကို အကြမ်းဖက်စစ်အုပ်စုဝင်မွှေ

မန်းလေးတိုင်း မိုးကုတ်မြို့မှာ ဧပြီ ၂၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က သပိတ်ခေါင်းဆောင် ဦးထက်နိုင်အိမ်ကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေပြီး ဦးထက်နိုင်ရဲ့ ဓာတ်ပုံကိုယူဆောင်သွားတယ်လို့ ကာယကံရှင်က ပြောပါတယ်။

အိမ်ကမိသားစုတွေက အိမ်မှာမနေဘဲ ရှောင်နေကြတာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက အိမ်ထဲဝင်မွှေကာ ဓာတ်ပုံကို ယူသွားတယ်လို့ ဆိုပါတယ်။

အမျိုးသားစာပေဆုရ ဆရာထက်နိုင်(တလုတ်) ကို အကြမ်းဖက်စစ်အုပ်စုက မိုးကုတ်မြို့မှာ သပိတ်စစ်ကြောင်းတွေ စထွက်ကတည်းက ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဒီနေ့မှာတော့ ​​နေအိမ်ကို ဝင်ရောက်ရှာဖွေတာဖြစ်ပါတယ်။

မိုးကုတ်မြို့မှာ ဒီနေ့မနက်ပိုင်းကလည်း စစ်အာဏာရှင်စနစ် ကျဆုံးရေး ရပ်ကွက်ပေါင်းစုံ သပိတ်စစ်ကြောင်းကို မိုးကုတ်အနောက်ပိုင်းမှာပြုလုပ်ခဲ့ပါတယ်။

မိုးကုတ်မြို့က ရပ်ကွက်တွေမှာ အကြမ်းဖက်စစ်အုပ်စုက တပ်ဖြန့်ပြီး ဖိနှိပ်နေပေမယ့် ပြည်သူ ရာနဲ့ချီဟာ စစ်အာဏာရှင်စနစ် ကျဆုံးရေးသပိတ်စစ်ကြောင်းကို ၇၆ ရက်ထိ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်တွေထဲဝင်ဖမ်းဆီးပြီး ပစ်သတ်တာတွေလည်း ရှိနေသလို CDM ဝန်ထမ်းတွေကိုလည်း ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 months Ago
Up