ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဇူလိုင် ၁၅ ရက်မနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးရုံး အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အမည်မသိ လူငယ် တယောက်က ကြက်ပေါင်းခေါက်ဆွဲဟုပြောကာ ပေးထားခဲ့တဲ့ ချိုင့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီကသိရပါတယ်။
စည်ပင်ရုံးနဲ့ နီးစပ်သူက “မနက် ၁၀ နာရီခွဲလောက်က နှာခေါင်းစည်း တပ်ထားတဲ့ လူငယ်တစ်ဦး အိမ်က ဝါဆိုသင်္ကန်းကပ်လို့ ကြက်ပေါင်းခေါက်ဆွဲ လာပို့တာဆိုပြီး ၅ ဆင့်ချိုင့်နဲ့ လာ ထားသွားတာ။ ရုံးက လူတွေ ထမင်း မစားခင် အဲဒီချိုင့်ထဲက ဗုံးထပေါက်တာ။ လူထိခိုက်တာတော့ မရှိဘူး။ ထမင်းစားချိန်သာ ထပေါက်ရင် အဲဒီချိုင့်နဲ့ စားတဲ့သူတွေ အကုန်သေမှာ” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရုံးပြတင်းမှန်တချို့နဲ့ အဆောက်အအုံအနည်းငယ် ထိခိုက်ပျက်စီးတာ ရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
ဗုံးပေါက်ကွဲမှုဖြစ်ပွာအပြီး စည်ပင်ရုံးအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတွေ ပိတ်ဆို့ထားပြီး လုံခြုံရေး ရယူထားကာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။
မိုးကောင်းစည်ပင်သာယာစျေးနားမှာ ဇူလိုင် ၁၀ ရက်က နယ်ထိန်းရဲတပ်ကြပ်တစ်ဦး ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။