close

မိုးကောင်းထွေအုပ်

close

April 9, 2023

ဖမ်းဆီးခံရသည့် မိုးကောင်းထွေအုပ် CDM ဝန်ထမ်းနှင့် မိသားစု အဆက်အသွယ်မရဖြစ်နေ

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ CDM လုပ်တဲ့ ဝန်ထမ်းအမျိုးသမီးတဦး အဖမ်းခံထားရပြီး သုံးရက်မြောက်နေ့အထိ မိသားစုနဲ့ ဆက်သွယ်ခွင့်မ ပေးသေးဘူးလို့ သိရပါတယ်။

ဧပြီ ၇ ရက် မနက်ပိုင်းမှာ ထွေအုပ် ဝန်ထမ်းဟောင်း တယောက်ဖြစ်တဲ့ နန့်ရင်းရပ်ကွက်နေ မနေခြည်အောင်ကို လာရောက်ဖမ်းဆီးပြီး မိသားစုနဲ့ ဆက်သွယ်ခွင့်မပေးကြောင်း မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"မနက် ၁၀ နာရီခွဲလောက် အိမ်စီးကားနှစ်စီးနဲ့ ရဲတွေရောက်လာတယ်။ နာမည်နဲ့ Facebook အကောင့်နဲ့ တိုက်စစ်တယ်။ မေးစရာရှိလို့ ဆိုပြီးခေါ်သွားတာ။ မိသားစုနဲ့ အဆက်အသွယ်မရတာ သုံးရက်ရှိပြီ။ မိသားစုတွေလည်း စိတ်ပူနေကြတယ်။"

မနေခြည်အောင်ဟာ စစ်ကောင်စီ လက်အောက်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် လွန်ခဲ့တဲ့ တနှစ်ကျော်က CDM လုပ်ထားတာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

မိုးကောင်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ပညာရေးဌာနကနေ CDM လုပ်ထားတဲ့ ကျောင်းဆရာမ ဒေါ်စိုးစိုးမြကို  Kaung For You Education မှာ စာသင်ကြားလို့ဆိုပြီး စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၂ (က)နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခဲ့ပါတယ်။

4 mins Ago
Up