ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာမှာ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း တရားမဝင် လောင်းကစားဝိုင်းတွေကို လိုင်းကြေးပေးဆောင်စေပြီး ဖွင့်လှစ်ခွင့် ပြုထားကြောင်း ဒေသခံတွေထံက သိရပါတယ်။
လိုင်းကြေးယူပြီး ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတွေ ပေါ်ပေါက်လာပြီးနောက် ကျေးရွာအတွင်း နေအိမ်အသုံးအဆောင်ပစ္စည်းတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ ပျောက်ဆုံးမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပင်းဘောဒေသခံ အမျိုးသားတဦးက “အရင်က အဲ့ဒီနေရာမှာ ဘိလိယက်ခုံပဲရှိတာ။ ၂၀၂၃ ခုနှစ်ကစပြီး အဲဒီနေရာမှာ လောင်းကစားဝိုင်းတွေ ဖြစ်သွားပြီ။ ရွာထဲလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေရှိတာ ဘာလို့ မဖမ်းလဲဆိုတော့ လောင်းကစားဝိုင်းတွေက လိုင်းကြေးတွေ ပေးထားတယ်၊ မဖမ်းဘူး။ လောင်းကစားဝိုင်းတွေ ပေါ်လာပြီးနောက် ဆိုင်ကယ်ပျောက်၊ နွားပျောက်တွေ အရင်ထက် ပိုများလာတယ်။ ကျနော်တို့ကတော့ ဒီလောင်းကစားဝိုင်းတွေ မရှိစေချင်ဘူး။ ဖမ်းဆီး အရေးယူစေချင်တယ်” လို့ ပြောပါတယ်။
တရားမဝင် လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ပြီးနောက် ပင်းဘောကျေးရွာအုပ်စုမှာ မတ်လအတွင်း နွား ၅ ကောင်နဲ့ ဆိုင်ကယ် ၈ စီးထက်မနည်း ပျောက်ဆုံးကာ ကျေးလက်ကျန်းမာရေးဌာနကို သွယ်တန်းထားတဲ့ မီးကြိုးတွေလည်း အခိုးခံခဲ့ရကြောင်း သိရပါတယ်။
“ကျနော်သိရသလောက် ဒီလထဲအတွင်းမှာပဲ နွား ၅ ကောင်ပျောက်တယ်။ ဆိုင်ကယ် ၈ စီး အခိုးခံရတယ်။ နောက်ပြီး ကျေးလက်ကျန်းမာရေးဌာနကို သွယ်ထားတဲ့ မီးကြိုးတွေ ဖြုတ်ခိုးခံရတယ်။ ဒီလောင်းကစားဝိုင်းတွေ ဖွင့်ပြီးနောက်မှ အဲ့လိုတွေ အခိုးခံရတာ။ အရင်က အဲ့လောက်ထိမဆိုးဘူး။ လောင်းကစားဝိုင်းတွေ အမြန်ဆုံး ပိတ်စေချင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အမှတ် ၄ ရပ်ကွက် ပင်းဘောဘူတာရုံအနီးမှာ ခြောက်ကောင်ဂျင်၊ ရှမ်းကိုးမီး၊ ဂျင်ဝိုင်းတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လိုင်းကြေးယူပြီး မနက်ပိုင်းကစတင်ကာ ည ၁၁ နာရီလောက်အထိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ထဲမှာ ပါဝင်တဲ့ ပင်းဘောကျေးရွာအုပ်စုဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ အမျိုးသား ၃,၇၈၇ ဦး၊ အမျိုးသမီး ၄,၄၁၂ ဦး၊ စုစုပေါင်း ၈,၁၉၉ ဦး နေထိုင်ကြောင်း သိရပါတယ်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့က မြို့နယ်လျှပ်စစ်မီတာရုံးဝင်းအတွင်းမှာ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီတာခ မပေးဆောင်ပါက မီးဖြတ်မယ်လို့ သတိပေး ခြိမ်းခြောက်စာတွေ ဖြန့်ဝေပြီး မီတာခကောက်ခံခဲ့တဲ့ မြို့နယ်လျှပ်စစ်မီတာရုံးဝင်းအတွင်းက ဝန်ထမ်းအိမ်ရာအနီးမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “ဗုံးပေါက်တာက ညနေ ၆ နာရီလောက်က ပေါက်တာ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က လျှပ်စစ်မီတာခ မပေးဆောင်ရင် မီးဖြတ်မှာဖြစ်ကြောင်း သတိပေးစာတွေ ဝန်ထမ်းတွေ လိုက်ဝေသေးတယ်။ ရုံးဝင်းထဲက ဝန်ထမ်းအိမ်ရာနားမှာ ပေါက်တာဆိုတော့ ထိခိုက်သေဆုံး ရှိ မရှိတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လျှပ်စစ်ရုံးနဲ့ ရုံးတည်ရှိရာ ရပ်ကွက်အတွင်း လိုက်လံပိတ်ဆို့ စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်နေတဲ့အတွက် ထိခိုက်သေဆုံးတာ ရှိ၊ မရှိကို တိတိကျကျ မသိရဘူးလို့လည်း ဆက်ပြောပါတယ်။
လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ဖောက်ခွဲခဲ့တယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
မိုးကောင်းမြို့နယ် လျှပ်စစ်မီတာရုံးက ဝန်ထမ်းတွေဟာ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲနဲ့ စစ်သားတွေနဲ့အတူ မီတာခ အတင်းအကျပ် လိုက်လံကောက်ခံခဲ့တဲ့အတွက် ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကလည်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။