close

မိုးကောင်းမြို့

close

May 11, 2023

မိုးကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးမှာ မေ ၁၀ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ် အထိုင်ကင်းရှိရာ နတ်ကြီးကုန်းရပ်ကွက်က အစိုးရရုံးတွေရှိတဲ့ နေရာအနီးမှာ  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက “ည ၇ နာရီကျော်လောက် ဗုံးပေါက်တာ။ နတ်ကြီးကုန်းရပ်ကွက်က ဥပဒေရုံး၊ ရဲစခန်း၊ ထွေအုပ်ရုံးတွေအနီးမှာ ပေါက်ကွဲမှုဖြစ်တာ။ စစ်တပ်က ထွေအုပ်ရုံးထဲမှာ အထိုင်ကင်းရှိတယ်။ ထိခိုက်သေဆုံး ရှိ၊ မရှိတော့ တိတိကျကျ မသိရသေးဘူး။ အဲဒီအနီးနားမှာ စစ်တပ်နဲ့ ရဲက လမ်းပိတ်စစ်နေတယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်က အခင်းဖြစ်ရာ အနီးတဝိုက်နဲ့ မြို့တွင်းမှာ အစစ်အဆေး တင်းကျပ်နေပါတယ်။

မိုးကောင်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်က မြို့နယ်စည်ပင်ရုံးကို လူငယ်တဦးပေးခဲ့တဲ့ ကြက်ပေါင်းခေါက်ဆွဲချိုင့်အတွင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဇူလိုင် ၁၀ ရက်ကလည်း  စည်ပင်သာယာဈေးအနီးမှာ စစ်(--)၊ ရဲ(--)လို့ ရေးထားတဲ့ အလံကို ခြေထောက်နဲ့ပြေးကန်တဲ့  နယ်ထိန်းရဲတပ်ကြပ်တဦး ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။

9 mins Ago

August 4, 2022

မိုးကောင်းတွင် အမျိုးသမီးရေးရာအဖွဲ့ဝင်တဦး သေနတ်ပစ်ခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ သြဂုတ် ၃ ရက် မနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဈေးကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရဲ့သမီးဖြစ်သူ အမျိုးသမီးရေးရာအဖွဲ့ဝင် စန္ဒာလွင် (ခ) မငယ် ဆိုသူကို အမည်မသိ သေနတ်သမားအဖွဲ့က လာရောက်ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

သူတို့နဲ့နီးစပ်တဲ့ ‌‌ဒေသခံတဦးက “မနက် ၈ နာရီလောက်က သူ့ဆန်ဆိုင်ရှေ့မှာ ဆွမ်းလောင်းနေတုန်း လူနှစ်ယောက် လာပစ်သွားတယ်။ နှစ်ချက်ပစ်တာ တချက်က နားရွက်ကို ရှပ်ထိသွားတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရှိခဲ့တဲ့ စန္ဒာလွင် (ခ) မငယ်ကို မြစ်ကြီးနားဆေးရုံ ပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

သေနတ်နဲ့အပစ်ခံရတဲ့ ဧပရယ်မိုး ဆန်ဆိုင်ပိုင်ရှင် စန္ဒာလွင် (ခ) မငယ်ရဲ့ ဖခင်ဟာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ဆိုသူဖြစ်ပြီး ခင်ပွန်းကတော့ စစ်မှုထမ်းဟောင်းတဦး ဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာအနီး စစ်ဆေးရှာဖွေတာတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မိုးကောင်းမြို့နယ် စည်ပင်ရုံးအတွင်း ကြက်ပေါင်းခေါက်ဆွဲ ထမင်းချိုင့်အတွင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

9 months Ago
Up