close

မိုးကြိုးစက်ကွင်းမိ

close

May 4, 2022

ကျောက်မဲတွင် လက်ဖက်သွားခူးသည့်မိသားစု မိုးကြိုးစက်ကွင်းမိ၊ ၁ ဦးဆေးရုံတင် ကုသနေရ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ထဲမှာ ရွာတရွာက မိသားတစု လက်ဖက်ခူးသွားရင်းအပြန်မှာ မိုးကြိုးစက်ကွင်းမိပြီး မူးလဲကြကာ အသက် ၁၄ နှစ်ရွယ် လူငယ်လေးကတော့ တော်တော်နဲ့သတိမရလို့ ဆေးရုံကို ပို့လိုက်ရပါတယ်။ 

တော့ဆန်ကျေးရွာအုပ်စု စန့်ဟိန်းရွာက အဆိုပါမိသားစုဟာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ က တောင်စောင်းမှာ လက်ဖက်ခူးသွားကြပြီး နေ့လယ် ၂ နာရီကျော် အပြန်လမ်းမှာ မိုးတွေရွာ၊ လျှပ်စီးလျှပ်ပြီး မိုးကြိုးပစ်တာကြောင့်  မိုးကြိုးစက်ကွင်းမိသွားတာလို့  သွားရောက်အကူအညီ ပေးခဲ့တဲ့ နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ အသင်းဝင်‌တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့လက်ဖက်ခူးသွားတာ အဖေရယ်၊ အမေရယ်၊ သားရယ် ပြီးတော့ သူတို့အဒေါ်လည်း ပါတယ်။ သားက ရှေ့ဆုံးကနေသွားနေတာ မိုးကြိုးပစ်တော့ သူတို့ မူးလဲသွားကြတယ်တဲ့။ အဖေနဲ့ အမေက ခဏပဲမူးမေ့ပြီး ပြန်ထလာတယ်။ သူတို့သား စိုင်းထွန်းဇော်ကတော့ တော်တော်နဲ့သတိပြန်မရဘူး။ အဲဒါနဲ့ မနေ့က နမ့်ခုံးအသင်းကို ဖုန်းဆက်အကူအညီတောင်းလို့ ကျနော်တို့အဖွဲ့က ကားနဲ့သွားခေါ်လာတယ်။ သူတို့အိမ်ကနေ ကျောက်မဲဆေးရုံကိုခေါ်လာတာ၊ သတိရလိုက် မရလိုက် ယောင်ချာချာဖြစ်နေတယ်။ ဆရာဝန်ပြောတာ အာရုံကြောထိသွားတယ်တဲ့၊ ပြင်ပဒဏ်ရာကတော့ ဘာမှမရှိဘူး။”

ခုတပတ်တွင်း ရှမ်းပြည်နယ်မှာ မိုးသက်လေပြင်းကျတာ၊ လျှပ်စီးလျှပ် မိုးကြိုးပစ်တာကြောင့် နေအိမ်အတော်များများ ခေါင်မိုးလန် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ 

တာချီလိတ်မြို့နယ် လွိုင်တော်ခမ်းအုပ်စု စန်းလုကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က နေအိမ် ၁ လုံး  မိုးကြိုးပစ်ခံရပြီး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

23 mins Ago

May 12, 2020

ဆိပ်ဖြူတွင် လေပြင်းကြောင့် အိမ် ၆၄ လုံးပျက်စီး၊ မိန်းကလေး ၁ ဦး မိုးကြိုးစက်ကွင်းမိ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ မေလ ၁၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်လို့  ကျေးရွာ ၅ ရွာမှ လူနေအိမ် ၆၄ လုံး အမိုးလန် ပျက်စီးခဲ့ရပြီး မိုးကြိုးစက်ကွင်းမိလို့ အသက် (၁၃) နှစ်အရွယ် မိန်းကလေးတဦး ဒဏ်ရာရသွားတယ်လို့  မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှု ဌာနက သိရပါတယ်။ လေပြင်းတိုက်ခတ်လို့ တက်မကျေးရွာ၊ ကမ္ဘာနီကျေးရွာ၊ အနောက်ကမ်းဖြူကျေးရွာ၊ တပေါင်းကျေးရွာနဲ့ ဘဲကျကျေးရွာတို့မှာ လူနေအိမ် ၆၄ လုံး အမိုလန်ပျက်စီးခဲ့​တယ်လို့လည်း ဆိုပါတယ်။ အဆိုပါညနေပိုင်းက သက္ကယ်ကျင်းကျေးရွာအုပ်စု၊ ထွန်ကျေးရွာနေ ၁၃ နှစ်အရွယ် ကျောင်းသူ တဦးဟာ ကျေးရွာတွင်းရှိ သရက်ပင်အောက် သရက်သီး လိုက်ကောက်ယူနေစဉ် မိုးကြိုးစက်ကွင်းမိပြီး နောက်ကျောမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ ကျောင်းသူဟာ ကဇွန်းမတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း၊ မိုးကြိုးစက်ကွင်းမိတဲ့ ဒဏ်ကြောင့် အသက်ရှုရာမှာ အနည်းငယ် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၉ သိန်းကျော် ရှိ​တယ်လို့ မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုအဖွဲ့က ခန့်မှန်းပါတယ်။ သတင်း- ကိုလင်း(ချောက်)
2 years Ago
Up