တောင်တရုတ်ပင်လယ်ပြင်ကို ဗဟိုပြုပြီး တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်း တိုက်ခတ်ခဲ့တဲ့ နေဆတ် အမည်ရှိ မုန်တိုင်းဟာ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကို တဖြည်းဖြည်း အားပျော့စွာ တိုက်ခတ်လာပြီး ခုရက်ပိုင်းအတွင်း ထိုင်းပင်လယ်ပြင်နဲ့ ကပ္ပလီပင်လယ်ပြင်တွေဆီ ရောက်လာမယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။
၂၀၂၂ အောက်တိုဘာ ၁၇ မှ ၂၁ ရက်နေ့တွေအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်း ပင်လယ်ကွေ့တွေမှာ လှိုင်းအသင့်အတင့်မှ အားကောင်းနေပြီး လှိုင်းအမြင့် ၂ မီတာ မှ ၃ မီတာထိ မြင့်တက်နိုင်မယ်လို့ ဆိုပါတယ်။
ထိုင်းတောင်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းနိုင်တာကြောင့် လျှပ်တပြက် ရေကြီးခြင်း၊ ပင်လယ်ရေ တက်လာခြင်းနဲ့ တောင်ကျချောင်းရေတွေ တက်လာနိုင်တာမို့ သတိထားဖို့၊ ငါးဖမ်းလှေငယ်တွေအနေနဲ့လည်း ကမ်းစပ်မှထွက်ခွာတာ ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ်။
ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်မှာဆိုရင် ပြီးခဲ့တဲ့စနေနေ့က မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အောက်တိုဘာ ၁၆ ရက်နေ့မှာ ရေကြီးမှုဒဏ်ကို ခံခဲ့ရပါတယ်။
ဖူးကတ်မြို့ပေါ် နာရီစင်အနီးတဝိုက်နဲ့ ဘဏ်တွေ၊ ကုန်တိုက်တွေတည်ရှိရာ မြို့လယ်မှာ ရေအမြင့် ၁ မီတာထိ တက်လာပါတယ်။
ဖူးကက်ခရိုင်ထဲက ဖူးကက်၊ ထလန်နဲ့ ကထုမြို့နယ်ထဲက ရပ်ကွက် စုစုပေါင်း ၁၉ ရပ်ကွက်မှာ ရေကြီးမှုဒဏ်ခံခဲ့ရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ရေကြီးမှုကြောင့် လမ်းပိတ်ဆို့တာ၊ မော်တော်ကားနဲ့ ဆိုင်ကယ်တွေ ရေထဲနစ်မြုပ်ပျက်စီးတာ၊ လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
ဒီကနေ့ အောက်တိုဘာ ၁၇ မှာ ရေတွေ ပြန်ကျသွားပေမယ့် တမြို့လုံးလို ရွှံ့ နွံတွေ ကျန်ခဲ့တာကြောင့် ခရိုင်ဝန်ကိုယ်တိုင် ကွင်းဆင်းကာ သန့်ရှင်းရေးအကြီးစားကို ကြပ်မတ်ဆောင်ရွက်နေသလို လာမယ့်ရက်ပိုင်း ရေထပ်ကြီးမယ့်အန္တရာယ်ကိုလည်း ကြိုတင်ပြင်ဆင် ကာကွယ်နေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ကိုးကား - ThaiPBS/ Thairath
လာမယ့် ဩဂုတ် ၂၁ ရက်အထိ ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီးတော့ မိုးကြီးရေလျှံနိုင်ပြီး ရေကြီး မြေပြိုဘေးတွေ ကြုံတွေ့ရနိုင်တယ်လို့ NUG အစိုးရက သတိပေးထုတ်ပြန်ထားပါတယ်။
NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်မှာ ခုလိုသတိပေးထားတာဖြစ်ပြီး ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်တွေမှာလည်း မြစ်ရေတွေ အနည်းငယ် ဆက်လက်မြင့်တက်လာနိုင်ပြီး ရေကြီးမှုဘေးအန္တရာယ်ကို သတိပြုရမယ်လို့လည်း ဖော်ပြပါတယ်။
ခုတပတ်ဟာ မုတ်သုံလေအားကောင်းစေမယ့် လက္ခဏာတရပ်ဖြစ်တဲ့ မုတ်သုံမုန်တိုင်းငယ်လေး တခု အိန္ဒိယနိုင်ငံအနောက်မြောက်ဘက်ကို ရွေ့လျားအဆုံးသတ်နိုင်တာ၊ နောက်ထပ် မုတ်သုံလေဖိအားနည်း ဆဲလ်တခု ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ထပ်မံဖြစ်ပေါ်လာ နိုင်တာရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံဘက်မှာ မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်နိုင်တယ်လို့ ဆိုပါတယ်။