close

မိုးဆွေ

close

April 23, 2023

ကျောင်းနေကလေး ၁၂ သန်းကျော်ကို စတေးတော့မယ့် အာဏာရှင် မင်းအောင်လှိုင်

မြေးလေးဦးရဲ့ အဘိုးဖြစ်သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတဝန်းရှိ မျိုးဆက်သစ် ကျောင်းနေအရွယ်ကလေး ၁၂ သန်းရဲ့ ဒီမိုကရေစီသိရှိမှုကို စတေးပြီး အာဏာရှင် အုပ်ချုပ်မှုစနစ် ပြန်လည်အသက်သွင်းဖို့ အာဏာသိမ်းပြီး ၂ နှစ်မှာ ခြေလှမ်းစလိုက်ပါတယ်။

အခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးကနေ ပုဂ္ဂလိကကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု သင်ကြားတာတွေကို ပိတ်ပင်ဖို့ ဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းသွားမယ်လို့ အမိန့်စာထွက်ခဲ့ပါတယ်။ အမိန့်စာထွက်ပြီး မကြာခင်မှာပဲ ပုဂ္ဂလိကကျောင်းတွေမှာ ဒီမိုကရေစီယဉ်ကျေးမှုတွေနဲ့ ပါတီနိုင်ငံရေးအကြောင်းတွေ မသင်ကြားဖို့ မြို့နယ်ပညာရေးမှူးကတဆင့် ဖိအားပေးခဲ့ပါတယ်။

တဖက်မှာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ‌ရွေးကောက်ပွဲလုပ်ပေးမယ်၊ ဒီမိုကရေစီစနစ်ဆီသွားမယ်လို့  ရေပက်မဝင်အောင် ပြောနေတဲ့ အသက် ၆၆ နှစ်အရွယ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒီလုပ်ရပ်နှစ်ခုဟာ ဖီလာဆန့်ကျင်ဘက် ဖြစ်နေတာပါ။

ပုဂ္ဂလိကကျောင်းတွေမှာ ဒီမိုကရေစီသင်ကြားမှု ကန့်သတ်ပိတ်ပင်လိုက်တာဟာ အရင်အာဏာရှင်တွေလိုပဲ ပညာရေးကို ဝါဒဖြန့်ချိရေးယန္တရားအဖြစ် အသုံးချပြီး လာမယ့်မျိုးဆက်တွေရဲ့ အတွေးအခေါ်ကို သင်းကွပ်လိုက်တာဖြစ်တယ်လို့ ဒေါက်တာသန်းလွင်ဦးက ထောက်ပြပါတယ်။

နိုင်ငံတနိုင်ငံရဲ့အသက်ဟာ ပညာရေးဖြစ်တာကြောင့် ပညာရေးကို ဖျက်ဆီးရင် အဲဒီမျိုးဆက်ကို ဖျက်ဆီးတာပဲလို့ သူက ပြောပါတယ်။

“နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကိုကြည့်ရင် လူငယ်တွေကိုပဲ ကြည့်ရမှာ။ လူငယ်တွေ အနာဂတ်ကောင်းရင် ဒီနိုင်ငံက ကောင်းမှာပဲ။ သူတို့ အခုလို ပြဋ္ဌာန်းလိုက်တာ လူငယ်တွေအတွက်လည်း စေတနာရှိတာ မဟုတ်ဘူး။ တိုင်းပြည်အတွက်လည်း စေတနာရှိတာ မဟုတ်ဘူး။ သေချာတာတခုက လူငယ်တွေရဲ့ အတွေးအခေါ်တွေကို ပိတ်လှောင်ဖို့ ကြိုးစားတာ” လို့ သူက ထောက်ပြပါတယ်။

ဒေါက်တာသန်းလွင်ဦးဟာ ရန်ကုန်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးသိပ္ပံဌာနက အကြီးတန်းကထိကတဦးဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ခဲ့တဲ့ စီဒီအမ် ဆရာတဦး ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါက်တာသန်းလွင်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ ဝရမ်းထုတ်ထားတာကြောင့် လွတ်မြောက်နယ်မြေတခုကို တိမ်းရှောင်နေရပြီး လူနည်းစုရေးရာအင်စတီကျု - Minority Fair Institute ကို တည်ထောင်ကာ အခြေခံနိုင်ငံရေးဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာ ကာလတိုအတန်းတွေကို သင်ကြားပေးနေတာပါ။

စစ်အုပ်စုသတ်မှတ်တဲ့ အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှု ဆိုတာ ဘာလဲ

ဒီမိုကရေစီဆိုတာ မြန်မာ့နည်းမြန်မာ့ဟန်၊ အရှေ့တိုင်း၊ အနောက်တိုင်းလို့ ခွဲခြားပြောဆိုလို့ မရပါဘူး။ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ‌ ရွေးချယ်ခွင့်၊ ပြောဆိုခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တွေ ဖြစ်ပြီး ဒါတွေဟာ လူသားတိုင်းရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တယ်လို့  လူ့အခွင့်အရေး လှုပ်ရှားသူတွေက အရိုးရှင်းဆုံး ရှင်းပြကြပါတယ်။

အခုလို စစ်အုပ်စုက အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှုလို့ သုံးနှုန်းလာတာဟာ ဝါဒဖြန့်မှုသက်သက်ပဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“စကစက ဒီမိုကရေစီယဉ်ကျေးမှုကို တကယ်နားမလည်ဘူးလို့ပဲ မြင်တယ်။ လက်နက်ကိုင်ပြီး အကြောက်တရားနဲ့ပဲ ပြည်သူကို အုပ်ချုပ်ဖို့နဲ့ အာဏာတည်မြဲရေးကိုပဲ နားလည်တဲ့လူတွေလို့ မြင်တယ်” လို့ ဝန်ကြီးက ပြောပါတယ်။

ဒီမိုကရေစီယဥ်ကျေးမှု ဆိုတာ ဘယ်နေရာ ဒေသမှာပဲ ကျင့်သုံးသုံး၊ အနှစ်သာရဟာ အတူတူပဲ ဖြစ်တယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

ဒီမိုကရေစီသင်ကြားမှု ပိတ်ပင်တာဟာ “ကျောင်းသူ ကျောင်းသားတွေ တယောက်ချင်းရဲ့ အတွေးအခေါ်ကို ချိုးနှိမ်ထားတာဖြစ်တဲ့အတွက် နောင်အနာဂတ် အတွေးအခေါ်၊ အယူအဆတွေနဲ့ ခေါင်းဆောင်မှုတွေကို ချိုးနှိမ်ထားတဲ့ ကျွန်ပညာရေးကို ဖော်ဆောင်ထားတဲ့ စစ်အာဏာရှင်ရဲ့ လူငယ်တွေအပေါ် အညွန့်ချိုး ဆက်ဆံတာဖြစ်တယ်” လို့ ဝန်ကြီးက ထောက်ပြပါတယ်။

ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့တဲ့ ပညာရေးရပ်ဝန်းက ကျွမ်းကျင်သူတွေကတော့ စစ်တပ်အသိုင်းအဝန်းဟာ ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီ စတဲ့ စကားလုံးတွေ “လုံးဝမကြိုက်ကြဘူး” လို့ ထောက်ပြပါတယ်။

မြန်မာနိုင်ငံဟာ ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်ဖူးတဲ့အတွက် အာဏာရှင်ခေတ် အဆက်ဆက်မှာ ကိုလိုနီနယ်ချဲ့ကို အဆိုးအမြင်နဲ့ ပုံဖော်ခဲ့ပြီး သူတို့ အာဏာတည်မြဲရေးအတွက် “ကိုလိုနီနယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်မှု၊ ကိုလိုနီလက်သစ်ဝါဒ၊ အနောက်တိုင်း အတွေးအခေါ် အယူအဆ” စတဲ့ စကားလုံးတွေကို တွင်တွင်သုံးခဲ့တယ်လို့ ဒေါက်တာသန်းလွင်ဦးက ရှင်းပြပါတယ်။

အာဏာရှင်အဆက်ဆက် အသုံးချခံ ပညာရေး

၁၉၂၀ ပြည့်နှစ်၊ ကိုလိုနီခေတ်တုန်းက ရန်ကုန်တက္ကသိုလ်ပညာရေးဟာ အရှေ့တောင်အာရှနဲ့ အာရှမှာပါ အာရှအောက်စဖို့ဒ်အဖြစ် တင်စားခဲ့တဲ့အထိ ထွန်းတောက်ခဲ့ပါတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ရန်ကုန်တက္ကသိုလ်အက်ဥပဒေအောက်မှာ လွတ်လပ်ပွင့်လင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့တာပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်ဆိုတာ အာဏာပိုင်အစိုးရကတောင် ကျောင်းသူ ကျောင်းသားတွေကို တက္ကသိုလ်ရဲ့အဓိပတိ ခွင့်ပြုချက်မရဘဲ တက္ကသိုလ်ဝင်းထဲမှာ ဖမ်းပိုင်ခွင့် မရှိဘူးလို့ ဒေါက်တာသန်းလွင်ဦးက ရှင်းပြပါတယ်။

“အဲအချိန်တွေတုန်းက တက္ကသိုလ်တွေကို နိုင်ငံတခုတည်းမှာရှိတဲ့ နိုင်ငံငယ်လေးတခုလိုမျိုး သူ့ဘာသူ သီးခြားဖွံ့ဖြိုးနေတဲ့ အဖွဲ့အစည်းတခုအဖြစ် ရပ်တည်နေတယ်” လို့ သူကဆိုပါတယ်။

ဒါပေမဲ့ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးနောက် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းခဲ့ပြီး တက္ကသိုလ်ကျောင်းတွေကို အစိုးရရုံးဌာန အဖွဲ့အစည်းအောက်မှာ အဆင့်မြင့်ပညာရေးဦးစီးဌာနတခုအနေနဲ့ သွတ်သွင်းခဲ့တယ်လို့ သူကပြောပါတယ်။

အာဏာရှင် ဦးနေဝင်းက ပညာရေးစနစ်ကို ဆိုရှယ်လစ်စနစ်ကို အထောက်အကူပြုတဲ့ ပညာရေးသာ သင်ကြားဖို့ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီနောက် ဆယ်စုနှစ်တစုအကြာမှာတော့ မြန်မာ့ပညာရေးဟာ အရှေ့တောင်အာရှနဲ့ အာရှနိုင်ငံတွေ ကြားမှာ ဆိုးဆိုးဝါးဝါး ကျဆင်းသွားခဲ့တယ်လို့ ဒေါက်တာသန်းလွင်ဦးက ပြောပါတယ်။

အာဏာရှင် ဦးသန်းရွှေ လက်ထက်မှာလည်း နေဝင်းရဲ့လမ်းစဉ်အတိုင်း ဆက်လုပ်ခဲ့ပြီး ၁၉၉၆ ခုနှစ် ကျောင်းသားအရေးအခင်း အပြီးမှာတော့ ပညာရေးကဏ္ဍမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေကို စတင်ဖိနှိပ်ခဲ့တယ်လို့ သူကပြောပါတယ်။ အဲဒီတုန်းက ကျောင်းသားသပိတ် ဦးဆောင်သူတွေဟာ နိုင်ငံရေးသိပ္ပံကျောင်းသားတွေ ဖြစ်တာကြောင့် ဒီဘာသာရပ်တွေကို သင်ယူသူမရှိအောင် ဦးသန်းရွှေက နည်းမျိုးစုံနဲ့ ကန့်သတ်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

ဦးသန်း‌ရွှေက တက္ကသိုလ်ဝင်ခွင့်အတန်းတွေမှာ ဝိဇ္ဇာနဲ့ သိပ္ပံ ဘာသာရပ်ကို ခွဲခြားခဲ့ပါတယ်။ ဒါ့အပြင် ဝိဇ္ဇာနဲ့ သိပ္ပံဘာသာရပ်ကို ပေါင်းပြီး ဝိပ္ပံ ဆိုတဲ့အတွဲကို ထပ်လုပ်ခဲ့တာကြောင့် ကျောင်းသားအများစုက တက္ကသိုလ်ဝင်တန်းတက်တဲ့အခါမှာ ဆရာဝန်၊ အင်ဂျင်နီယာ စတဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သိပ္ပံနဲ့ ဝိပ္ပံအတွဲကိုပဲ သင်ယူလာကြပြီး ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း စတဲ့ ဝိဇ္ဇာဘာသာရပ်ကို သင်ယူတဲ့ကျောင်းသားက နည်းပါးသွားတယ်လို့ ဒေါက်တာသန်းလွင်ဦးက ရှင်းပြပါတယ်။

“တချို့သော စာသင်နှစ်တွေမှာ သမိုင်းဘာသာရပ်ကို ဖြေတဲ့ကျောင်းသားတောင် မရှိဘူး။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတွေနဲ့ ပတ်သက်ပြီး မျိုးဆက်သစ်ကျောင်းသားတွေမှာ ဘာမှ မသိတော့တဲ့ပုံစံမျိုး လုပ်ခဲ့တယ်” လို့ သူက ထောက်ပြပါတယ်။

နောက်ပြီး တက္ကသိုလ်က နိုင်ငံရေးဘာသာရပ် ဝင်ခွင့်မှာလည်း သမိုင်းနဲ့အောင်မြင်သူ ဖြစ်ရမယ်လို့ သတ်မှတ်ခဲ့တာကြောင့် တက္ကသိုလ်နိုင်ငံရေးသိပ္ပံဌာနကို သင်ယူတဲ့ ကျောင်းသားဟာ မရှိသလောက် နည်းပါးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

“ဝင်လာတဲ့ တယောက်ကလည်း တော်တော်ကြီးကို ညံ့ဖျင်းတဲ့ကျောင်းသား ဖြစ်တယ်။ ဘယ်လိုမှသင်မရတဲ့ ကျောင်းသားဖြစ်တယ်။ ဌာနကိုတော့ သူတို့ မဖျက်သိမ်းလိုက်ဘူး။ ဒါပေမဲ့ သူ့ဘာသာ ပြိုသွားအောင်ကို သူတို့လုပ်ခဲ့လိုက်တာ” လို့ ဒေါက်သန်းလွင်ဦးက ဆိုပါတယ်။

ဒေါက်တာစုယဉ်ထွန်းကလည်း အာဏာရှင်ခေတ်အဆက်ဆက်မှာ ပညာရေးကို ဗဟိုချုပ်ကိုင်မှုနဲ့ တင်းကျပ်စွာ ချုပ်နှောင်ထားကာ သူတို့သတ်မှတ်တဲ့ ကျောင်းဖွင့်ချိန်၊ သူတို့ရေးဆွဲထားတဲ့ သင်ရိုးတွေကိုပဲ သင်ခဲ့ရတယ်လို့ ပြောပါတယ်။

အာဏာရှင်တွေက အခြေခံမူလတန်းအဆင့်ကနေ တက္ကသိုလ်အဆင့်အထိ သင်ရိုးတွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို “ဆူပူသောင်းကျန်းသူ၊ သူပုန်” အနေနဲ့ ဖော်ပြထားသလို သမိုင်းဘာသာရပ်တွေမှာ ဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်း မပြောခဲ့တဲ့ စကားတွေကိုလည်း ပြောသယောင် ထည့်သွင်းထားတယ်လို့ သူက ထောက်ပြပါတယ်။

“ပညာရေးဝန်ကြီးဌာနမှာ ညွှန်ချုပ်တွေနေရာမှာ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးဟောင်းတွေကို ကောက်ထည့်ထားလိုက်တာ၊ သူတို့ကို ဆုံးဖြတ်ရမယ့် နေရာတွေမှာ သွားထားလိုက်တဲ့အတွက် သူတို့ ကစားချင်သလို ကစားလို့ရတယ် ဆိုတာက နှစ်ပေါင်း တော်တော်ကြာကြာဖြစ်ခဲ့တယ်” လို့ သူက ထောက်ပြပါတယ်။

ဒေါက်တာစုယဉ်ထွန်းဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ CDM ကျောင်းဆရာမတဦးဖြစ်ပြီး လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

စစ်ကျွန်ပညာရေးခြေလှမ်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ လူငယ်မျိုးဆက်တွေကို ကြည့်ပြီး မြန်မာ့ပညာရေးကို လွတ်လပ်ခွင့်ပေးထားရင် လာမယ့်မျိုးဆက်တွေကိုလည်း နောက်ပိုင်းမှာ သူ့အနေနဲ့ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး ဆိုတာကို  နားလည်သွားတာကြောင့် ဒီမိုကရေစီသင်ကြားမှုတွေကို ပိတ်ပင်လာတာလို့ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပညာရေးရပ်ဝန်းက ပညာရှင်တွေက မှတ်ချက်ပေးကြပါတယ်။

“သူတို့ကို ဝေဖန်ဆန်းစစ်တဲ့ အတွေးအခေါ်မျိုး မရှိအောင် လုပ်ချင်ပုံရတယ်။ အဲလိုမျိုးရှိတာကို သူတို့က အနောက်တိုင်းဒီမိုကရေစီလို့ မြင်ပြီးတော့ အရင်ခေတ်လို စဉ်းစားတွေးခေါ်မှုမပါဘဲ ကျက်မှတ်ပြီး ဖြေဆိုတဲ့ စာမေးပွဲကိုပဲ သူတို့လုပ်ချင်တယ်” လို့ လူမှုရေးသိပ္ပံဘာသာရပ်ကို သင်ကြားပေးတဲ့ ကထိက၊ ဌာနမှူး ဒေါ်ဥမ္မာ(ငြိမ်း) က မှတ်ချက်ပေးပါတယ်။

အလွတ်ကျက်မှတ်စနစ်နဲ့ သင်ကြားနေရတာကြောင့် ကျောင်းသားတွေဟာ တီထွင်ဖန်တီးလိုစိတ်၊ ဆန်းသစ်လိုစိတ်တွေ ယုတ်လျော့သွားပြီး ပြောသမျှကို မေးခွန်းမထုတ်ဘဲ ခေါင်းညိတ်တတ်တဲ့ လူတန်းစားတရပ် ဖြစ်လာတယ်လို့ သူက ထောက်ပြပါတယ်။

“ဒီပြဿနာက ကျွန်လူတန်းစားတခုကို ဖန်တီးတာပေါ့။ မြန်မာအခြေအနေက ကမ္ဘာ့အဆင့် မပြောနဲ့၊ အာဆီယံအဆင့်မှာဆိုရင် အလုပ်သမားရောင်းစားတဲ့နိုင်ငံ ဖြစ်သွားတယ်။ အလုပ်သမားထဲမှာတောင် ကျွမ်းကျင်ဝန်ထမ်းမဟုတ်ဘဲ ခြေလက်အင်္ဂါကောင်းလို့ အောက်ခြေ အလုပ်သမား လူတန်းစားပုံစံမျိုး ဖြစ်သွားတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

ဒေါက်တာစုယဉ်ထွန်းကလည်း ဒေါ်ဥမ္မာ စကားအပေါ်မှာ သဘောတူပါတယ်။ ပညာရေးကျောင်းဆိုတာ တိုင်းပြည်ကိုဦးဆောင်မယ့် ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေကို မွေးထုတ်တဲ့ ပင်မအရင်းအမြစ် ဖြစ်တာကြောင့် “ဆရာ ပြောတဲ့စကားကိုပဲ ခေါင်းညိတ်ရမယ်၊ လိုက်လုပ်ရမယ်ဆိုတဲ့ အတွေးဖြစ်သွားတဲ့အခါ ပညာရေးက မွေးထုတ်ပေးရမယ့် ပညာရှင်ကြီးတွေ၊ ခေါင်းဆောင်ကြီးတွေက ရုပ်သေးရုပ်တွေပဲ ဖြစ်သွားမယ့်သဘော ဖြစ်တယ်” လို့ ဒေါက်တာစုယဉ်ထွန်းက ထောက်ပြပါတယ်။

ဒေါက်တာသန်းလွင်ဦးကလည်း လူငယ်တွေမှာ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိလာရင် ပြောတိုင်း လက်မခံတော့ဘူးလို့ ရှင်းပြပါတယ်။

“အကျိုးနဲ့ အကြောင်းကို ဆင်ခြင်သုံးသပ်လာလို့ရှိရင် သူတို့အပေါ်မှာလည်း မေးခွန်းတွေ ပြန်ထုတ်လာနိုင်တဲ့အတွက် အဲဒီလို မေးခွန်းထုတ်တဲ့ မျိုးဆက်တွေ မထွက်လာအောင် ပညာရေးကနေ သင်းကွပ်လိုက်တာပဲ၊ ကျနော်တို့ပြောနေတဲ့ စစ်ကျွန်ပညာရေး ဆိုတဲ့ သဘောသဘာဝပါပဲ” သူက ထောက်ပြပါတယ်။

အာဏာသိမ်းမှုမတိုင်ခင်က ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ အခြေခံပညာရေးကျောင်းတချို့မှာ ကျောင်းသူကျောင်းသားတွေနဲ့ ဘာသာရေးဆိုင်ရာ အမေးအဖြေတွေ ဆွေးနွေးခဲ့ကြတာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ မကြာခဏ တွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ အရှင်ဆေကိန္ဒကို အထက်တန်းကျောင်းသူတဦးက “ကိုရင်လေးတွေ အပါအဝင် ရဟန်းသံဃာတွေအနေနဲ့ Tik Tok ဆော့လို့ရလား” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီမေးခွန်းအပေါ်မှာ အရှင်ဆေကိန္ဒက ဝိနည်းနဲ့မညီကြောင်း၊ ဆော့ခွင့်မရှိကြောင်း တိုက်ရိုက်မဖြေဘဲ မေးမြန်းတဲ့ကျောင်းသူကို “ဘုန်းကြီးဝတ်ဖူးလား” လို့ မေးခွန်းပြန်ထုတ်ခဲ့တာကြောင့် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ အရှင်ဆေကိန္ဒကို ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။

စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံသူ အများစုဟာ သူတို့ပြောလိုက်ရင် ခေါင်းညိတ်တတ်သူတွေကိုပဲ သဘောကျလေ့ရှိပြီး သူတို့ကို မေးခွန်းထုတ်သူတွေကို မလိုလားဘူးလို့ ဒေါက်တာစုယဉ်ထွန်းက ဆိုပါတယ်။

အထူးသဖြင့် အရင်အစိုးရလက်ထက်မှာ စစ်တပ်ဘက်က ရာထူးကြီးတခုခုနဲ့ အငြိမ်းစားယူပြီး အရပ်ဘက်ဌာနတွေကို ပြောင်း‌လာကြသူတွေဟာ လုပ်ငန်းပိုင်း မကျွမ်းကျင်တာကို ပြောဆို ထောက်ပြရင် မကြိုက်ကြဘူးလို့ သူက ပြောပြပါတယ်။

ဒါကြောင့် ထောက်ပြတဲ့သူတွေမရှိဖို့ “အလုပ်ဖြုတ်တာတွေရှိသလို ခေါင်းမဖော်နိုင်အောင် လုပ်တာမျိုးတွေလည်း ရှိတယ်” လို့ သူက ရှင်းပြပါတယ်။

စစ်ကောင်စီ ပြင်ဆင်ခဲ့တဲ့ ၂၀၂၂ ပညာရေးဥပဒေ

စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က သမ္မတဟောင်း ဦးသိန်းစိန် ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၄  အမျိုးသားပညာရေးဥပဒေနဲ့ ၂၀၁၅ မှာ ပြင်ဆင်ခဲ့တဲ့ ဥပဒေတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ စိတ်ကြိုက်ပြန်ပြင်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၁၄၊ ၂၀၁၅ ခုနှစ် အမျိုးသားပညာရေးဥပဒေကို ပုဒ်မအလိုက် ပြင်ဆင်ခဲ့သလို ပုဒ်မခွဲတချို့မှာလည်း စကားလုံးပြင်ဆင်၊ ဖြည့်စွက်တာမျိုး လုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ထားတဲ့ ပုဒ်မနဲ့ ပုဒ်မခွဲက အနည်းဆုံး ၃၃ ခုရှိပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင် ပယ်ဖျက်ခဲ့တဲ့ ပုဒ်မနဲ့ ပုဒ်မခွဲကလည်း အနည်းဆုံး ခြောက်ခုရှိပါတယ်။ အဲဒီ ပုဒ်မတွေကတော့ ပုဒ်မ ၄-ဂ၊ ပုဒ်မ ၇၊ ပုဒ်မ ၁၀၊ ပုဒ်မ ၂၇ နှင့် ပုဒ်မ ၄၉-စ တို့ဖြစ်ပါတယ်။

ဒီပုဒ်မတွေမှာဆိုရင် လွတ်လပ်တဲ့ ကော်မတီဖွဲ့စည်းခွင့်၊ ကျောင်းသား/ဆရာ သမဂ္ဂအသင်း ဖွဲ့စည်းခွင့်နဲ့ တက္ကသိုလ် / ဒီဂရီကောလိပ် / ကောလိပ်နဲ့ သိပ္ပံကျောင်းတွေရဲ့ လွတ်လပ်တဲ့ ကိုယ်ပိုင်စီမံခန့်ခွဲခွင့် စတာတွေကို စစ်ခေါင်းဆောင်က ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

အခုလို ပြင်ဆင်လိုက်တာဟာ ကျောင်းသား၊ လူငယ်တွေအနေနဲ့ နိုင်ငံရေးကို သိပြီး ပါဝင်လာမှာ စိုးရိမ်သလို သူတို့ကို ပြန်တွန်းလှန်မှာကို စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ ဒေါက်တာစုယဉ်ထွန်းက မှတ်ချက်ပေးပါတယ်။

ဒေါက်တာသန်းလွင်ဦးကလည်း စစ်အုပ်စုက အခုလို ပြဋ္ဌာန်းလိုက်တာဟာ ဗဟိုဦးစီးချုပ်ကိုင်မှု ဖြစ်လာတဲ့အတွက် ဖက်ဒရယ်စနစ်ကိုပါ ထိခိုက်လာတယ်လို့ ထောက်ပြပါတယ်။

“ဖက်ဒရယ်စနစ် ဆိုတာ သက်ဆိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက်မှာ ပညာရေး၊ ကျန်းမာရေးကို ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ရှိတယ်။ မင်းအောင်လှိုင်တို့ အခုပြဋ္ဌာန်းလိုက်တာက ဗဟိုဦးစီးချုပ်ပိုင်ခွင့် ဖြစ်လာပြီးတော့ ပြည်နယ်တွေမှာ လွတ်လပ်စွာ ပြဋ္ဌာန်းပိုင်ခွင့်ရှိတဲ့ ပညာရေးကိုပါ အုပ်စီးလိုက်တဲ့သဘော ဖြစ်တယ်” လို့ သူက ရှင်းပြပါတယ်။

ဒီလိုပြဋ္ဌာန်းချက်တွေကို ကြည့်ခြင်းအားဖြင့် ဖက်ဒရယ်စနစ်ကို ပေးမယ်ဆိုတာဟာ နိုင်ငံရေး အယောင်ပြ (တနည်းအားဖြင့်) လူမြင်အောင် လုပ်ထားတဲ့စနစ်ဆိုတာ ပေါ်လွင်တယ်လို့ ဒေါက်တာသန်းလွင်ဦးက ဆက်ပြောပါတယ်။

နိုင်ငံရေးပါတီတွေ ဘယ်လဲ

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ရက်ပေါင်း ၆၀ အတွင်း သူတို့ပြဋ္ဌာန်းထားတဲ့ ဥပ‌ဒေနဲ့ နည်းဥပဒေအတိုင်း ပြန်လည်မှတ်ပုံတင်ခြင်းမရှိတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၉၀ ထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄ဝ ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

ကျန်ပါတီ ၅ဝ ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်ပြီး မှတ်ပုံတင်ထားပြီး တည်ထောင်ခွင့်လျှောက်ထားတဲ့ပါတီဟာ ၁၃ ပါတီရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုတော့ အတိအကျ မဖော်ပြထားပါဘူး။

တဖက်မှာလည်း လာမယ့်မျိုးဆက်သစ်လူငယ်တွေရဲ့ ဒီမိုကရေစီ သိရှိမှုတွေကို ဥပဒေပြဋ္ဌာန်းပြီး ပိတ်ပင်နေတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဘယ်လောက်တောင် အဆီအငေါ် မတည့်သလဲဆိုတာ ပုံဖော်နေပါတယ်။

စစ်ကောင်စီကို ဆန့်ကျင့်တဲ့ ပညာရေးရပ်ဝန်း အသိုင်းအဝိုင်းက လူတွေကတော့ စစ်ကောင်စီ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ ဟန်ပြရွေးကောက်ပွဲသာ ဖြစ်တယ်လို့ တညီတညွတ်တည်း မှတ်ချက်ပေးကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်းကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ဗန်းပြလိမ်နေတာပါပဲ။ ရှေ့ကဖုံး နောက်ကပေါ် ဖြစ်နေတာပါပဲ။ ရှေ့က ရွေးကောက်လုပ်နေပေမဲ့ ကျောင်းတွေမှာ ဒီမိုကရေစီသင်ကြားခွင့်ကို ကန့်သတ်တာက နောက်ကပေါ်နေတာပါပဲ” လို့ ပြင်းပြင်ထန်ထန် ဝေဖန်ထားပါတယ်။

လက်ရှိ စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း၊ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို ဒီဗွီဘီက မျိုးဆက်သစ်တွေကို ဒီမိုကရေစီ မသင်ကြားဖို့ ဥပဒေထုတ်တဲ့ စစ်ကောင်စီလုပ်ရပ်နဲ့ ပတ်သက်ပြီး ဧပြီ ၄ ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဦးကိုကိုကြီးဟာ သင်္ကြန်ကာလအတွင်း ဘုန်းကြီးဝတ်သွားပြီ ဆိုတာကြောင့် မေးမြန်းခွင့်မရခဲ့ပါဘူး။

ဒါကြောင့် ပါတီရဲ့ နောက်ထပ် တခြားပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်မေးမြန်းခွင့် တောင်းခဲ့ပေမဲ့ ခရီးထွက်နေတယ်လို့ အကြောင်းပြပြီး ပါတီရုံးက ဆက်သွယ်ခွင့်မပေးပါဘူး။

မတ်လ ၃၀ ရက်နေ့မှာ ဦးကိုကိုကြီးက သတင်းဌာနတခုနဲ့အင်တာဗျူးမှာတော့ အာဏာသိမ်းမှု အောင်မြင်ကြောင်း၊ စစ်တပ်မပြိုကွဲနိုင်ကြောင်းကို ခိုင်ခိုင်မာမာ ပြောဆိုထားတာ တွေ့ရပါတယ်။

နောက်ပြီး သူက “ဒီမိုကရေစီလမ်းကြောင်းပေါ်၊ တိုင်းရင်းသားတန်းတူရေး၊ ဖက်ဒရယ်အရေး လမ်းကြောင်းပေါ်ကို ပြန်ရောက်အောင် ကျနော်တို့ ကျားကုတ်ကျားခဲ ​ကြိုးစားမယ်ဆိုတာ ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပိုင်းဖြတ်မှုဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။

လူမှုရေးသိပ္ပံဘာသာရပ် ကထိက၊ ဌာနမှူး ဒေါ်ဥမ္မာ(ငြိမ်း) ကတော့ ပြည်သူ့ပါတီဟာ စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲ အခင်းအကျင်းမှာ မရှိမဖြစ်ပါတီ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။  ရွေးကောက်ပွဲ ဝင်ပြိုင်တာဟာ နိုင်ငံရေးပါတီဖြစ်တဲ့အတွက်ကြောင့် ပါတီအင်္ဂါရပ်နဲ့ညီအောင် လှုပ်ရှားမှုအယောင်ပြတဲ့ သဘောမျိုးလို့ သူကဆိုပါတယ်။

“အခုက သူတို့ပါတီအင်အားလေးနဲ့ ဒီနိုင်ငံရေးအခင်းအကျင်းထဲကို ဝင်ပါမယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အနေအထားဖြစ်တယ်။ ပြည်သူကြားမှာ ဦးကိုကိုကြီးရဲ့ နိုင်ငံရေးပုံရိပ်က သေသွားပြီ၊ အခုနောက်ပိုင်းမှာ သူ့ကို အယုံအကြည်လည်း မရှိတော့ဘူး။ သူ့ရဲ့ ဂုဏ်သတင်း ကျော်စောမှုကလည်း ဘာမှမရှိတော့ဘူး” လို့ ဒေါ်ဥမ္မာက မှတ်ချက်ပေးပါတယ်။

နိုင်ငံ‌ရေးပုံရိပ် သေတယ်ဆိုတာ ဟိုအရင်တုန်းက ဦးကိုကိုကြီး ပြောတဲ့စကားတွေဟာ ပြည်သူလူထုကြားမှာ လှုံ့ဆော်မှုတွေ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့လုပ်ရပ်နဲ့ ပြောဆိုမှုတွေကို ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေက ယုံကြည်လေးစားမှု မရှိတော့တာကို ဆိုလိုတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒေါက်တာဇော်ဝေစိုးကလည်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသွားတဲ့ ပြည်သူတွေနဲ့ ပျက်စီးသွားတဲ့နိုင်ငံကို ဥပေက္ခာပြုပြီး အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ ဝင်သူတွေနဲ့ ပါတီတွေဟာ နောင်အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာစရာအကြောင်း မရှိဘူးလို့ သတိပေးလိုက်ပါတယ်။

“ဒါက သူတို့ရဲ့နောက်ဆုံး အဆုံးသတ်ဖြစ်တယ်။ နိုင်ငံရေးသေလူတွေပဲ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ဒီမိုကရေစီသင်းသတ်မှုကို ဘယ်လို ဟန့်တားမှာလဲ

အခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ အမိန့်ဟာ နိုင်ငံတဝန်းက ပုဂ္ဂလိကကျောင်းတွေကို ရည်ရွယ်ထားပေမဲ့ စစ်ကောင်စီလက်အောက်က အခြေခံ၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာတော့ ဒီဥပ‌ဒေကို ထုတ်ပြန်စရာမလိုဘဲ လိုက်နာရမယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေတယ်လို့ ပညာရှင်တွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ဒီကျောင်းတွေဟာ Non CDM ကျောင်းဆရာ၊ ဆရာမတွေနဲ့ လည်ပတ်နေတာဖြစ်လို့ စစ်တပ်အမိန့်ကို တသဝေမတိမ်း လိုက်နာကြလိမ့်မယ်လို့ ထောက်ပြကြပါတယ်။ ဒါကြောင့် စစ်ကောင်စီဖော်ဆောင်တဲ့ ကျောင်းပညာရေး လက်အောက်မှာတော့ ဒီမိုကရေစီရှင်သန်ရေး ဆိုတာ စိန်ခေါ်မှုကြီးတယ်လို့ ပညာရှင်တွေက မှတ်ချက်ပေးကြပါတယ်။

တဖက်မှာလည်း နည်းပညာနဲ့ ဆက်သွယ်ရေးစနစ်ခေတ် ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပညာရေးဖိနှိပ်မှုဟာ ၁၉၈၈ ခုနှစ်တုန်းကလို အောင်မြင်မှာမဟုတ်ဘူးလို့ ပညာရှင်တွေက ဆိုကြပါတယ်။

၁၉၈၈ ခုနှစ်တုန်းကဆိုရင် အခုခေတ်လို နည်းပညာနဲ့ အင်တာနက် ဆက်သွယ်ရေးတွေလည်း မဖွံ့ဖြိုးသေးတာကြောင့် အဲဒီတုန်းက ကျောင်းသူကျောင်းသားတွေဟာ အာဏာရှင်ပညာရေးက လွဲရင် တခြားရွေးချယ်စရာ ပညာရေးလမ်းကြောင်း မရှိခဲ့ဘူးလို့ ဒေါက်တာသန်းလွင်ဦးက ပြောပြပါတယ်။ အဲဒီအချိန်မှာ သူဟာ တက္ကသိုလ်ဝင်တန်း ရောက်နေပြီလို့ ပြောပါတယ်။

၁၉၈၈ ခုနှစ်မှာ ကျောင်းတွေပိတ်ခဲ့ရပြီး ၁၉၉၃ ခုနှစ်‌ကျမှ တက္ကသိုလ်ပြန်တက်ခဲ့ရတယ်လို့ ဒေါက်တာသန်းလွင်ဦးက ပြောပါတယ်။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာ ကျောင်းသားအရေးအခင်း ထပ်ဖြစ်ခဲ့ပြီး တက္ကသိုလ်တွေ ထပ်ပိတ်ခဲ့ပါတယ်။ အဲဒီကနေ ၂၀၀၀ ပြည့်နှစ်ရောက်မှပဲ ကျောင်းပြန်တက်ခွင့်ရတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီပြုလုပ်ခဲ့တဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ အသက် ၂၇ နှစ်အရွယ် ကိုအောင်သူရ (အမည်လွှဲ) က ဝင်ဖြေဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ စစ်ကောင်စီလက်အောက်က သာသနာရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတာပါ။ စာမေးပွဲအောင်ခဲ့မယ်ဆိုရင်တော့ လက်ရှိရာထူးထက် အဆင့်မြင့်သွားမှာဖြစ်လို့ အခုလို ဝင်ဖြေရတာ ဖြစ်ပါတယ်။

လက်ရှိရာထူးနဲ့ ရတဲ့ဝင်ငွေက မိသားစု စားဝတ်နေ‌ရေး မပြေလည်တာကြောင့် ရာထူးတိုးခဲ့မယ် ဆိုရင် မိသားစုအနေနဲ့ အတော်အသင့် ပြေလည်လာနိုင်ကြောင်း သူက ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို ၂ နှစ်တိုင် ကျင်းပခဲ့ပါတယ်။ ပထမအကြိမ် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုသူ ၃ သိန်းအထိ ရှိခဲ့ပြီး အခုနှစ် ဒုတိယအကြိမ် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူ ၁ သိန်း ၇ သောင်းကျော်သာ ရှိပြီး မနှစ်ကထက် ထက်ဝက်နီးပါး လျော့နည်းသွားပါတယ်။

စစ်ကောင်စီကျောင်းတွေမှာ တက်မယ်ဆိုရင်တော့ ကျောင်းသားတွေအနေနဲ့ အတန်းတက်ပြီး အောင်မြင်သွားတာမျိုး ဖြစ်နိုင်ပေမဲ့ ထိုက်သင့်တဲ့ ပညာရေးကိုတော့ ရမှာမဟုတ်ဘူးလို့ ဒေါက်တာသန်းလွင်ဦးက ထောက်ပြပါတယ်။

“စစ်ကောင်စီရှိနေသရွေ့ကတော့ ဒီအောင်လက်မှတ်က သုံးလို့ရနေမှာပေါ့။ ဒါပေမဲ့ စစ်‌ကောင်စီ ဆိုတာကလည်း ဘယ်လောက်တည်မြဲမလဲဆိုတာ မပြောနိုင်ပေမဲ့ သေချာတာကတော့ မတည်မြဲနိုင်ဘူး” လို့ သူက ဆက်ပြောပါတယ်။

တိုးတက်လာတဲ့ နည်းပညာခေတ်မှာတော့ စစ်ကောင်စီပညာရေးကို မရွေးချယ်ဘဲ တခြား ပညာရေးတွေကို အွန်လိုင်းကနေတဆင့် ရွေးချယ်ခွင့်ရှိလာပြီလို့ သူကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း အစိုးရအဖွဲ့အနေနဲ့ ဒီမိုကရေစီအနှစ်သာရကို အခြေခံထားတဲ့ ကြားကာလ အခြေခံပညာ‌ကျောင်းတွေ၊ ဖက်ဒရယ်ကျောင်းတွေနဲ့ နွေဦးတက္ကသိုလ်တို့ကို ဖွင့်လှစ်ထားပြီဖြစ်လို့ လူငယ်မျိုးဆက်တွေအနေနဲ့ လာရောက်သင်ယူနိုင်ကြောင်း ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သူတို့စိုးမိုးထားတဲ့ နယ်မြေတွေမှာ လက်ရှိ ကျောင်းပေါင်း ၁၀,၀၀၀ ဝန်းကျင်နဲ့ အွန်လိုင်းကျောင်းပေါင်း ၇၀ ခုကိုလည်း ဖွင့်လှစ်ထားတယ်လို့ ပြောပါတယ်။

နယ်မြေစိုးမိုးထားတယ်လို့ ဆိုပေမဲ့ စစ်ကောင်စီက အရပ်သားပြည်သူ တိုက်ခိုက်မှုတွေအပြင် စာသင်ကျောင်းတွေကိုပါ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဗုံးခိုကျင်းတွေတူးပြီး ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ခက်ခက်ခဲခဲ ပညာသင်ကြားနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတကျောင်း အပါအဝင် အရပ်သားပြည်သူများ နေထိုင်ရာနေရာတွေကို စစ်လေယာဥ်တွေက လေ‌ကြောင်းတိုက်ခိုက်မှုနဲ့ မဆင်မခြင် ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးခန့် သေဆုံးခဲ့တယ်လို့ ယူနီဆက်(ဖ်)မြန်မာကလည်း ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့တဲ့ ကလေးသူငယ်ဦးရေ ၃၁၃ ဦးအထိ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာ ယောကျ်ားလေး ၂၂၀ ဦး၊ မိန်းကလေး ၈၂ ဦးနဲ့ ကျား/မ မဖော်ပြနိုင်သူ ၁၁ ဦးတို့ ဖြစ်ပါတယ်။

အငြင်းအခုံလုပ်ရဦးမယ့် ကြားကာလပညာသင်ကြားရေး

စစ်ကောင်စီကို တော်လှန်နေတဲ့ ကြားကာလအခြေအနေမှာ ပညာရေးသင်ကြားရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဖော်ဆောင်နေတဲ့ ပညာရေးနဲ့ မတူညီတဲ့ အမြင်တချို့ ရှိနေပါတယ်။

“ဒီ စကစကို မဖြတ်ဘဲ စကစကို ဆန့်ကျင်တဲ့ ပညာရေးစနစ် ထူထောင်နေမယ်ဆိုရင် ကိုင်းဖျားကိုင်းနား လိုက်လိုက်ခုတ်ဖြတ်နေသလိုမျိုး ထိရောက်မှုလည်းမရှိဘူး” လို့ ဒေါက်တာသန်းလွင်ဦးက သူ့အမြင်ကို ပြောပါတယ်။

တိုင်းပြည်တပြည်ရဲ့ ပညာရေး၊ စီးပွားရေးနဲ့ ကဏ္ဍအသီးသီးဟာ နိုင်ငံရေး အခင်းအကျင်းကောင်း ဖန်တီးနိုင်မှ ဖွံ့ဖြိုးတိုးတက်တဲ့ ဝန်းကျင်တခုကို ထူထောင်နိုင်မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“နိုင်ငံရေးမကောင်းရင် ကျန်တာ ဘာမှကောင်းတာလုပ်လို့မရဘူး ဖြစ်နေတယ်” လို့ သူက မှတ်ချက်ပေးပါတယ်။

သူ့အမြင်ကတော့ အတန်းပညာသင်ခန်းစာတွေ သင်ကြားပေးနေတာထက် တော်လှန်ရေးကို အထောက်အကူပြုမယ့် သင်ခန်းစာတွေအပြင် ကျောင်းသူ/သားတွေရဲ့ ဗဟုသုတနဲ့ ဝေဖန်ပိုင်းခြား တွေးခေါ်မှု သင်ခန်းစာတွေကို လုပ်စေချင်တယ်လို့ အကြံပြုပါတယ်။

“အတန်းပညာကို သင်ပေးတဲ့ သင်ခန်းစာကို သွားလိုက်ရင် လက်ရှိ မြေပြင်မှာ ဦးစီးဦးဆောင်နေတဲ့ တော်လှန်ရေးကိုလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ပြောမယ်ဆိုရင် ဖွတ်မရ၊ ဓားမဆုံး ဆိုတဲ့အဖြစ်မျိုးတွေ ကြုံလာနိုင်တယ်” လို့ သူက ဆိုပါတယ်။

အငြိမ်းစားကထိက ဒေါ်ဥမ္မာ(ငြိမ်း) ကလည်း ဒီမိုကရေစီယဉ်ကျေးမှုဆိုတာ သင်တန်းပေးရုံမဟုတ်ဘဲ လက်တွေ့အသုံးချလို့ရမယ့် အခင်းအကျင်းမျိုး လိုအပ်တယ်လို့ ထောက်ပြပါတယ်။

“ကျောင်းသားတွေအနေနဲ့က အသိတခုတော့ ရပေမယ့် လေ့ကျင့်ဖို့က နေရာထိုင်ခင်း အခင်းအကျင်းက ရှိမနေဘူး။ ဂီတ၊ အနုပညာ စတဲ့ ပုံစံမျိုးစုံနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို လွတ်လွတ်လပ်လပ် ကျင့်သုံးဖို့၊ သုံးသပ်ဝေဖန်ဖို့၊ သူတို့ရဲ့ခံစားချက်ကို ဖော်ထုတ်ဖို့က ပတ်ဝန်းကျင်နေရာက ရှိမနေဘူးပေါ့။ ဒီမိုကရေစီက သင်ကြားပေးလို့ရတယ်၊ သင်တန်းပေးလို့ ရတယ်။ ဒါပေမဲ့ ဒီမိုက‌ရေစီအနှစ်သာရက သင်တန်းပေးရုံနဲ့မပြီးဘူး” လို့ သူက မှတ်ချက်ပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖော်ဆောင်နေတဲ့ ကြားကာလပညာသင်ကြားရေးမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ အချက်အလက်ကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

လုံခြုံရေးကျိုးပေါက်မှုတွေ ထပ်မဖြစ်အောင် အမျိုးသားညီညွတ်‌ရေးအစိုးရအနေနဲ့ စနစ်ကျအောင် ကြပ်မတ်ဆောင်ရွက်နေပါတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“အချက်အလက် (Data) လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနဘက်နဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေ ရှိပါတယ်” လို့ ဝန်ကြီးက ရှင်းပြပါတယ်။

မိဘတွေအတွက် စိန်ခေါ်မှု

မြန်မာပြည်က မိဘအရွယ်အများစုကလည်း သန်းရွှေလက်ထက်မှာ အလွတ်ကျက်မှတ်ပြီး စာမေးပွဲဖြေဆိုတဲ့စနစ်နဲ့ ကြီးပြင်းခဲ့ရသူတွေဖြစ်တဲ့အတွက် ဒီမိုကရေစီယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး အလှမ်းဝေးတဲ့ အနေအထားမှာ ရှိတယ်လို့ ကထိက ငြိမ်း ဒေါ်ဥမ္မာ ဆိုပါတယ်။

စာသင်ကလေးအရွယ်ကတည်းက မိဘအုပ်ထိန်းမှုအောက်ထက် နာမည်ရ မူကြိုကျောင်းပို့မှ ဂုဏ်ရှိတယ်ဆိုတဲ့ အပြိုင်အဆိုင် ယဉ်ကျေးမှုက အသားသေနေတယ်လို့ ထောက်ပြပါတယ်။

“ကလေးတွေရဲ့ ပညာရေးကို မိဘတွေမှာ တာဝန်ရှိတယ်ဆိုတာထက် မူကြိုမှာပဲ တာဝန်ရှိတယ်၊ ဆရာမတွေပေါ်မှာပဲ တာဝန်ရှိတယ်ဆိုတဲ့ အတွေးအခေါ်တွေ ရှိကြတယ်။ ကလေးတွေရဲ့ ပညာရေးကဏ္ဍမှာ မိဘတွေက သင်ပေးရမယ် ဆိုတာထက် ကလေးတွေ လိုတာပံ့ပိုးရင် ရပြီဆိုတဲ့ အတွေးမျိုးရှိကြတော့ ဒီမိုကရေစီကို သားသမီးတွေ နားလည်အောင် မိဘတွေက ပြန်သင်ပေးမယ်ဆိုတာ ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းတယ်” လို့ သူက ထောက်ပြပါတယ်။

နောက်ပြီး ဆင်းရဲချမ်းသာ လူတန်းစားကွာခြားမှုကြောင့် ဒီမိုကရေစီ သိရှိခံစားမှုကလည်း ကွာဟနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။

“လူတန်းစားကွာဟမှုက အရင်အစိုးရလက်ထက်မှာ တော်တော်လေး မြင့်မားနေသေးတယ်။ အခုအချိန်မှာဆိုရင် ပိုဆိုးသွားပြီဖြစ်တယ်။ ဆိုတော့ ဒီကိစ္စကို ဘယ်လိုကျော်လွှားရမလဲ ဆိုတဲ့ ကိစ္စကို ဆရာမတယောက်အနေနဲ့ တော်တော်လေး အဖြေထုတ်ဖို့ခက်တယ်” လို့ သူက ဆိုပါတယ်။

ဒေါက်တာသန်းလွင်ဦးကလည်း အာဏာသိမ်းပြီးနောက် ကျောင်းသူ ကျောင်းသားနဲ့ မိဘတွေ အပါအဝင် လူတန်းစားအလွှာအသီးသီးဟာ ကျပ်တည်းလာနေတာကြောင့် နည်းပညာအခွင့်အလမ်း တိုးတက်မှုကို အသုံးချပြီး ကလေးတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အမြော်အမြင်ကြီးကြီးနဲ့ လုပ်ကြဖို့ သတိပေးပါတယ်။

သူ့သမီးဆိုရင်လည်း ကိုဗစ်-၁၉ ပျံ့နှံ့မှုကြောင့်နဲ့ အာဏာသိမ်းမှုတို့ကြောင့် နမဝတန်းအဆင့်မှာပဲ ကျောင်းနားခဲ့ရတယ်လို့ သူက ပြောပြပါတယ်။

ဒါကြောင့် သူ့အနေနဲ့ သူ့သမီးပညာရေးကို အတန်းတက်ဖို့၊ ဘွဲ့ရဖို့ထက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေဆီမှာ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်တွေအပြင် လူမှုရေးသိပ္ပံ ဘာသာရပ်တွေကို အွန်လိုင်းကနေတဆင့် သင်ကြားပေးထားတယ်လို့ ရှင်းပြပါတယ်။

“စကစကျောင်းမှာ မတက်ပါနဲ့လို့တော့ မတိုက်တွန်းလိုဘူး။ ဒါပေမဲ့ ဒီဘက်ခေတ်တွေမှာက ပညာရေးဟာ ဟိုး ၁၉၈၈ လိုမျိုး မဟုတ်တော့ဘူး။ ဆန္ဒရှိရင် ရှိသလို လေ့လာသင်ကြားဖို့ လွယ်ကူနိုင်တဲ့ အခြေအနေ ဖြစ်တယ်။ အဲဒီတခုပေါ်မှာ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်မယ့် ပညာရေးကို အမြော်အမြင်ကြီးကြီးနဲ့ ဆောင်ရွက်ပါ” လို့ သူဆိုပါတယ်။

ပညာရေးဆိုတာ တွေးခေါ်မြော်မြင်မှုကို အခြေခံပြီး တကမ္ဘာလုံးက လုပ်ဆောင်နေချိန်မှာ စစ်ကောင်စီရဲ့ ကြက်တူရွေးနှုတ်တိုက် သင်ကြားမှုစနစ်နဲ့ သွားလို့မဖြစ်ဘူးလို့ ဆိုရင်း စစ်ကောင်စီကျောင်းတွေက ကျောင်းသားတွေ အနာဂတ်နဲ့ပတ်သက်ပြီး သူက အခုလို ပြောလိုက်ပါတယ်။

“စကစရဲ့ ပညာရေးစနစ်မှာ တက်လိုက်ရင် အတန်းတက်ရင် တက်သွားမယ်၊ အောင်ရင် အောင်သွားမယ်။ သေချာပေါက်က အတွေးအခေါ်မဲ့တဲ့ ပညာရေး၊ ဆင်ခြင်တုံတရားမဲ့တဲ့ ပညာရေးပဲ ဖြစ်လိမ့်မယ်။”

မိုးဆွေ

7 mins Ago
Up