ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ နှမ်းကုန်းကျေးရွာစစ်ဆေးရေးဂိတ်အနီးမှာ ဒီဇင်ဘာ ၁၉ ရက် နေ့ည ၁၀ နာရီဝန်းကျင်က ဆိုင်ကယ်စီးပြန်လာတဲ့ လူငယ် ၁ ဦး စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ကိုလည်း ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားဖြစ်သူ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ လူငယ်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ဆင်မနီအုပ်စု၊ မိုးဆယ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မောင်ဆန်းမင်း ဖြစ်တယ်လို့ သိရပါတယ်။
မောင်ဆန်းမင်းရဲ့ မိသားစုဝင်တဦးက “ကလေးက အလုပ်ကပြန်လာတာ ပိုက်ဆံရရမှာကို စောင့်နေရင်းနဲ့ နောက်ကျသွားတာ။ ကလေးရဲ့ အလောင်းလည်း အခုထိပြန်မပေးသေးဘူး။ ကလေးနဲ့အတူပါလာတဲ့ ပိုက်ဆံ ၇ သိန်းကျော်နဲ့ ဆိုင်ကယ်ရယ်လည်း သိမ်းသွားတယ်။ ပြန်မပေးသေးဘူး။ ကလေးက အဖြစ်ဆိုးလိုက်တာ” လို့ ပြောပါတယ်။
မိုးညိုမြို့နယ်၊ နှမ်းကုန်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းတွေနဲ့ ပျူစောထီးအဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်ခံရတာကြောင့် မောင်ဆန်းမင်းဟာ နောက်ကျောထိမှန် ထုတ်ချင်းဖောက်ထွက်ဒဏ်ရာရရှိကာ သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သေဆုံးသူ မောင်ဆန်းမင်းရဲ့ဆိုင်ကယ်နဲ့အတူ ရှေ့နောက်မောင်းနှင်လာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး တို့ ဆိုင်ကယ်လည်း ပစ်ခတ်ခံရလို့ ဆိုင်ကယ် မောင်းနှင်သူ အမျိုးသား ပေါင်ကို ကျည်ဆန်ထိမှန်ပြီး ဆိုင်ကယ်လည်းပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သေသွားတဲ့ကောင်လေးရယ်။ ဆိုင်ကယ်အတူစီးလာတဲ့ ၂ ယောက်ရယ်။ ဆိုင်ကယ် ၂ စီးရယ်ကို စစ်ကောင်စီတပ်သားတွေက ကားနဲ့တင်သွားတယ်။”
အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွိဘီက လက်ပံတန်းမြို့နယ်နဲ့ မိုးညိုမြို့နယ်တို့က မြို့မရဲစခန်းတွေဆီကို အကြိမ်ကြိမ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပေါင်မှာ သေနတ်ထိမှန်တဲ့ အမျိုးသားနဲ့ အမျိုးသမီးကိုတော့ ဒီဇင်ဘာ ၂၀ ရက်နေ့မနက်က စစ်ကောင်စီတပ်တွေက ပြန်လွှတ်ပေးလိုက်ပြီး ဆေးကုသမှုခံယူနေရကာ အမျိုးသားဖြစ်သူ ခြေထောက်ဖြတ်ရမယ့်အဆင့်အထိ ဖြစ်နေတယ်လို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်ဟောင်း ဦးကျော်မျိုးမင်းဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ ပိတောက်ကုန်းကျေးရွာက နေအိမ်မှာ အောက်တိုဘာ ၃၀ ရက် နေ့ညပိုင်းက ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ဆွေမျိုးနီးစပ်သူတဦးက “အရင်က အဂတိလိုက်စားတယ်ဆိုပြီး ထောင်ချခံထားရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လွတ်လာတာ မကြာသေးဘူး။ ပြန်အဖမ်းခံရတာ။ စစ်သားနဲ့ရဲက ပြန်ဖမ်းသွားတာ။ စုံစမ်းကြည့်တော့ ရွာက ဒလန်က တိုင်လိုက်တာတဲ့လေ” လို့ပြောပြပါတယ်။
ဦးကျော်မျိုးမင်းဟာ မိုးညိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူဖြစ်ကာ ၂၀၁၉ ခုနှစ်၊ မတ်လပိုင်းထဲက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အပါအဝင်ပုဒ်မ ၂ ခုနဲ့ ထောင် ၈ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လွတ်လာတာလို့ သိရပါတယ်။
ပြန်လွတ်လာပြီး ထပ်မံဖမ်းဆီးခံရတဲ့ ဦးကျော်မျိုးမင်းကို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားသလဲဆိုတာ မသိရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ဒီဗွီဘီက ဦးကျော်မျိုးမင်း ပြန်လည်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မိုးညိုမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ “သိချင်ရင်လာမေးလှည့်။ အလုပ်ရှုပ်တယ်'' လို့ တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေကြားခဲ့ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲပြီး ထောင် ၃ နှစ် ချမှတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။