close

မိုးတားကြီးကျေးရွာ

close

January 12, 2022

ကသာမြို့နယ် မိုးတားကြီးကျေးရွာတလျှောက် စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားကြီးကျေးရွာတလျှောက်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးအနည်းဆုံး ၁၀ လုံးကျော် ကြဲချသွားတယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မိုးတားကြီးဈေးတန်း၊ ကချင်စုနဲ့ ဒေါ်အောင်လျှို  စတဲ့ နေရာတွေကို ကြဲချသွားတာဖြစ်ပြီး လူနေအိမ် ၆ လုံးနဲ့ ဓမ္မာရုံ ၁ ရုံ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်အထိ ထိခိုက်သူ ပြည်သူ ၅ ဦးနဲ့ ကလေးငယ် ၃ ဦး ရှိနေပြီး သေဆုံးစာရင်းတွေကိုလည်း မသိရသေးဘူးလို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

စာရင်းပြုစုနေစဉ်မှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတဲ့ အခြေအနေဖြစ်နေပြီး ကလေးငယ်တွေကို ဗုံးထိမှန်ထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

ဗုံးကြဲတာကြောင့် နေအိမ်တွေ မီးလောင်ပြီး ခေါင်မိုးတွေ ပျက်စီးတာတွေ ရှိသလို သေဆုံးသူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

မိုးတာကြီးကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော်က (KIA)၊ ကသာ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။

12 hours Ago

June 24, 2021

ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာအနီး တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာအနီးမှာ ဇွန်လ ၂၄ ရက်‌ ဒီနေ့ မနက် ၉ နာရီခွဲလောက်က  အကြမ်းဖက်စစ်ကောင်စီတပ်ကို ကေအိုင်အေ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ပြင်းထန်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မိုးတားကြီးရွာ အရှေ့ဘက် ဆင်ကူးရွာအနီး မိုးပင်း၊ မြိုင်လမ်းဆုံနဲ့ ရွှေကျောင်းကုန်းအနီးတလျှောက်အထိ တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့သိရပါတယ်။

တိုက်ပွဲကြောင့်တိမ်းရှောင်လာတဲ့ ဒေသခံတစ်ဦးက "လက်နက်ကြီး လက်နက်ငယ်အသံတွေ အရမ်းကျယ်တယ်ဗျ။ ကျနော့်တဲနဲ့ ခပ်လှမ်းလှမ်းမှာ လက်နက်ကြီးကျည်တစ်ခုကျတယ်ဗျ။ ကျနော်က နွား‌သွားကျောင်းနေလို့ လူကိုမထိတာဗျ။ တဲထရံတွေတော့ ပျက်စီးသွားတယ်ဗျ။ ကျနော်လည်း ကြောက်တာနဲ့ ဘာပစ္စည်းမှ မယူခဲ့နိုင်ဘူး ပြေးခဲ့တာ”လို့ပြောပါတယ်။ 

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ နှစ်ဘက် ထိခိုက် သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ 

ဒေသခံတွေကတော့ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပြီး  စစ်ကောင်စီတပ်တွေဘက်က လေကြောင်းပစ်ကူတွေ ထပ်မံရောက်ရှိလာမှာကို  ရွာသားတွေက  စိုးရိမ်နေကြပါတယ်။

7 months Ago
Up