ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ခြမ်းမှာ မူးယစ်ဆေးဝါးရောင်းချနေသူ ၁ ဦးနဲ့ သုံးစွဲသူတွေကို စိတ်ကြွမူးယစ်ဆေးပြား WY အလုံး ၅၀၀ ကျော်နဲ့အတူ ဖေဖော်ဝါရီ ၁၁ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မိုးဗြဲ - PDF တပ်ရင်း-၂ က ထုတ်ပြန်ပါတယ်။
ဒေသခံတွေရဲ့ သတင်းပေးချက်အရ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေသူတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သုံးစွဲသူတွေကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့ကာ ရောင်းချသူ ၁ ဦးကို နောက်ဆက်တွဲကွင်းဆက်တွေ ဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် ထိန်းသိမ်းထားတယ်လို့ မိုးဗြဲ -PDF ကပြောပါတယ်။
ရောင်းချသူများကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်အရ ဒဏ်ငွေ ၁ ဆမှ ၃ ဆအထိ ပေးလျော်ဖို့ စီရင်ချက်ချမှတ်ကာ ထိုဒဏ်ငွေတွေအားလုံးကိုလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ မှ တပြားတချပ်မှမယူဘဲ ရပ်ရွာအတွင်း လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ ကိစ္စရပ်တွေ ပြန်လည်အသုံးပြုရန်အတွက် ကျေးရွာရှိ မိဘပြည်သူထံသို့ ပြန်လည်အပ်နှံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုးဗြဲ - PDF တပ်ရင်း-၂ အနေနဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုဟာ ၁၀ ကြိမ်မြောက် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကလည်း မိုးဗြဲ အရှေ့ဘက်ကမ်းတနေရာမှာ KNDF တပ်ရင်း-၃ က စိတ်ကြွမူးယစ်ဆေးပြား ၁,၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ပါသေးတယ်။
တော်လှန်ရေး ရန်ပုံငွေအဖြစ် "ကယန်းအလှ" အမည်ရှိ ကြေးကွင်းစွပ် ရိုးရာယဉ်ကျေးမှု အလှတရားနဲ့ တင့်တယ်နေတဲ့ ကယန်းအမေအိုပုံ ပန်းချီကားကို မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်က ကံစမ်းမဲ မဲလက်မှတ်တွေပြုလုပ် ရောင်းချပေးနေပါတယ်။
ဒီပန်းချီကားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ အခြေစိုက် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်၊ ကျွဲချိုတပ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ တက္ကသိုလ်ကျောင်းသား ကယန်း လူငယ် ရဲဘော် ကိုယ်တိုင်ရေးဆွဲကာ မဲလက်မှတ် တစောင်ကို မြန်မာကျပ်ငွေ ၁၀၀၀၀ နှုန်းနဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ စတင်ရောင်းချခဲ့တာလို့ သိရပါတယ်။
မဲလက်မှတ်တွေကို မိုးဗြဲပြည့်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုတပ်ခွဲမှာ ဆက်သွယ်ဝယ်ယူနိုင်ပြီး ဇန်နဝါရီ ၆ ရက်တွင် မဲဖောက်ပေးသွားမယ်လို့ ကျွဲတပ်ခွဲက ဆိုပါတယ်။
ပန်းချီကားကိုရေးဆွဲခဲ့တဲ့ ရဲဘော်က "ကယန်းလူမျိုးတွေလည်း တော်လှန်ရေးမှာ ပါဝင်နေကြ တယ်ဆိုတာ သိစေချင်တာကြောင့်ပါ။ ပန်းချီကားဆွဲနေရင်း တိုက်ပွဲတွေဖြစ်လာလို့ နားထားရတာ လည်း ရှိတယ်။ အခက်အခဲတွေတော့ အများကြီးပါပဲ အဓိကတော့ ရာသီဥတုဒဏ်နဲ့ ဆေးပစ္စည်းတွေ မပြည့်စုံတာပေါ့ “လို့ ဆိုပါတယ်။
ရဲဘော်က ပန်းချီကားကံထူးရှင်ထံကို ကိုယ်တိုင်ဆက်သွယ်ပေးအပ်မှာဖြစ်ပြီး ကယန်းရိုးရာ ယဉ်ကျေးမှုတွေကို အသေးစိတ်ပြောပြသွားမှာဖြစ်သလို ကံစမ်းမဲမှ ရရှိလာတဲ့ ငွေကြေးတွေ ကိုလည်း မိုးဗြဲ -PDF ကျွဲချို တပ်ခွဲမှ ပြုလုပ်နေတဲ့ " RPG ကျွဲချို အာဏာရှင်လဲပြို " သိန်း ၈၀၀ ကမ်ပိန်းမှာ အပြည့်အဝ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ကြီးကျယ်ခမ်းနားတဲ့ ပန်းချီးကားမဟုတ်ပေမဲ့ တော်လှန်ရေးသမား ကယန်းတိုင်းရင်းသား ကိုယ်တိုင်ဆွဲထားတာလည်းဖြစ်၊ တော်လှန်ရေးမှာ အားကြိုးမာန်တက်ချီတက်နေတဲ့ ကယန်းဒေသ ရဲ့ ယဉ်ကျေးမှုပြယုဂ်လည်းဖြစ်တဲ့ "ကယန်းအလှ "ပန်းချီကား အတွက် ကံစမ်းမဲလက်မှတ်တွေကို လာရောက်ဝယ်ယူအားပေးကြဖို့ မိုးဗြဲပြည့်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့က တိုက်တွန်း ထားပါတယ်။