close

မိုးမောက်မြို့နယ်

close

February 17, 2023

မိုးမောက်မြို့နယ်တွင် ဟင်းစားရှာဖွေသည့်အမျိုးသား ၁ ဦး မိုင်းနင်းမိ

ကချင်ပြည်နယ်၊  မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့မှာ ဟင်းစားရှာဖွေတဲ့ အမျိုးသားတယောက်  မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေါ့ဖုန်းယန်မြို့ အရှေ့ဘက် အင်ဒုန်ဒဘန် (ဒေသအခေါ်)ဘက်ကို ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းက ဟင်းစားရှာဖွေ ထွက်သွားစဉ် အမျိုးသားတယောက် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရှိခဲ့တာဖြစ်ပါတယ်။

ဒေါ့ဖုန်းယန် ဒေသခံတစ်ဦးက “သူက အင်ဒုန်ဒဘန်ဘက်ကို ဟင်းစားရှာသွားတာ။ ညနေ ၄ နာရီလောက် မိုင်းနင်းမိပြီး ဒဏ်ရာရတယ်။ မိုင်းထိပြီး ဘယ်ဘက်ပေါင်၊ လက်မောင်း၊ နားရွက်တွေ ဒဏ်ရာရသွားတယ်။ ဒဏ်ရာတွေက ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရလို့ ဆေးကုနေရပြီ”လို့ ပြောပါတယ်။

ဟင်းစားရှာစဉ် မိုင်းနင်းမိခဲ့သူဟာ အသက် ၅၀ ခန့်ရှိ ဦးမရန်နော်ဆိုင်း ဖြစ်ပြီး ခြေထောက်၊ လက်နဲ့ နားရွက်တွေမှာ ဒဏ်ရာပြင်းထန်စွာရှိခဲ့လို့ ဆေးကုသမှုခံယူနေရတာပါ။

ဦးမရန်နော်ဆိုင်း မိုင်းနင်းမိခဲ့တဲ့နေရာ အင်ဒုန်ဘဒန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေတဲ့ နေရာဖြစ်လို့ ဘယ်အဖွဲ့ကထောင်တဲ့မိုင်းဆိုတာ  မသိရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အင်ဒုန်ဘဒန်အနီးမှာ နှစ်စဉ် မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး ဒေသခံပြည်သူတွေ ဒဏ်ရာရ သေဆုံးခဲ့တာတွေ ရှိခဲ့တဲ့အတွက် ပြည်သူတွေ သွားလာခြင်းမပြုရ ကန့်သတ်နယ်မြေအဖြစ် တားမြစ်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။

ဒေါ့ဖုန်းယန်မြို့နယ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းမှာ ပါဝင်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၁,၃၁၃ ဦး နေထိုင်နေပါတယ်။

1 min Ago

November 10, 2022

မိုးမောက်မြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ  နိုဝင်ဘာလ ၉ ရက်နေ့က  စစ်ကောင်စီတပ်ဖွဲ့တွေ   အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့  မြို့ခံတွေဆီကနေ သိရပါတယ်။

မိုးမောက်မြို့ အပြင်ဘက် နမ်ဆိုင်းကျေးရွာကိုသွားတဲ့ ကြိုးတံတားဟောင်းနားမှာ မနေ့ မနက် ၁၀ နာရီခွဲလောက်က တဂေါကျေးရွာဘက်ကနေပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေ တပ်သားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လာတဲ့စစ်ကြောင်းကိုလာကြိုတဲ့ စစ်ကောင်စီ စစ်တပ်ဖွဲ့တွေကြားအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံ တယောက်က ပြောပါတယ်။

“မနက်က ဖြစ်တာက KIA က လာပစ်ပြီးပြန်သွားပြီ။ အဲဒါကို တဂေါရွာဘက်ကနေ ပြန်လာတဲ့စစ်ကြောင်းကို  (၄၃၇) တပ်ဘက်ကနေလာကြိုတဲ့ စစ်သားတွေ အချင်းချင်းပစ်ကြတာတဲ့၊ ကေအိုင်အေကပစ်ပြီး ပြန်ထွက်သွားတော့၊ အချင်းချင်းပြန်ပစ်ကြတာတဲ့။”

ပစ်ခတ်တိုက်ခိုက်မှုတွေ ဘာကြောင့်ဖြစ်ပွားခဲ့တယ်ဆိုတာနဲ့ စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတိအကျ မသိရဘဲ ဒဏ်ရာရသူ တချို့တော့ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိုးမောက်မြို့အထက် လုံဂျာတောင်တကြောနဲ့ မြို့ပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်သားတွေက ကင်းစခန်းချထားတာတွေရှိသလို စစ်ကြောင်းနဲ့ သွားလာနေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မြို့ပတ်ဝန်းကျင်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြို့ပြင်မှာရှိတဲ့ လယ်ယာတွေကနေ စပါးရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေသူတွေ ရှိသလို စပါးရိတ်သိမ်းချိန်နောက်ကျတာကြောင့် စပါးအထွက်နှုန်းလျော့နည်းသွားတယ်လို့ မိုးမောက်မြို့ခံတစ်ဦးကပြောပါတယ်။

“လယ်တောတွေက အခုတိုက်ပွဲပြင်းထန်တဲ့ တောင်ခြေတွေမှာကော၊ မြို့ပတ်ပတ်လည်မှာ ကောဆိုတော့ စပါးတွေရိတ်ဖို့ခက်တယ်လေ၊ တိုက်ပွဲကလည်း စပါးရိတ်ချိန် ကွက်တိလောက်မှလာဖြစ်တော့ စပါးကရိတ်လို့မဖြစ်၊ အခုနည်းနည်းငြိမ်လာတော့ အခုမှပြန်ရိတ်ကြတာလေ။ အခုတောင် တိုက်ပွဲဖြစ်တာ သုံးပတ်ထဲရောက်နေပြီလေ၊ စပါးရိတ်ချိန် နောက်ကျတော့ စပါးထွက်နှုန်းတွေကျပြီလေ။ တချို့ဆို မရိတ်ရသေးတဲ့သူတွေတောင်ရှိသေး။”

တိုက်ပွဲတွေကြောင့် မိုးမောက်မြို့ အထက်ပိုင်းမှာရှိတဲ့ ကျေးရွာ၊ ရပ်ကွက်နေ ပြည်သူတွေက ဗန်းမော်မြို့ကို တိမ်းရှောင်သူတွေရှိသလို မိုးမောက်မြို့ စစ်ရှောင်စခန်းတွေမှာ သွားရောက်နေထိုင်နေကြရသူတွေလည်း ရှိပါတယ်။

အောက်တိုဘာ ၂၂ ရက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့တွေ လုံဂျာတောင်ကို တိုက်လေယာဉ်၊ လက်နက်ကြီးတွေအများအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်ဆုတ်ခွာတာမရှိဘဲ စစ်ရေးတင်းမာနေကာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်တယ်လို့ မြို့ခံတွေကပြောပါတယ်။

3 months Ago
Up