ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှာ မေ ၁၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူနေအိမ် အလုံး ၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ကျောင်းကုန်းမြို့နယ်အတွင်း မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၂၃ လုံးနဲ့ ကျောင်းအုတ်တံတိုင်း ပြိုကျပျက်စီးသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ကျောင်းကုန်းမြို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက “ည ၈ နာရီလောက် လေပြင်းတိုက်သွားတာ။ မိုးကလည်း အတော်သည်းတယ်။ ကျေးရွာတွေမှာ နေအိမ်တွေ ပြိုကျတယ်။ သစ်ပင်တွေ လဲတာလည်း ရှိတယ်။ လေပြင်းတိုက်တဲ့အတွက် လူနေအိမ် ၂၃ လုံးလောက် ပြိုသွားတယ်။ ကျောင်းအုတ်တံတိုင်း ပြိုပျက်သွားတာလည်းရှိတယ်” လို့ ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် မကျီးစင်ကျေးရွာက နေအိမ် ၁ လုံး၊ ကညင်ကုန်းကျေးရွာက နေအိမ် ၅ လုံး၊ ပန်းတောရိုး အရှေ့ရွာက နေအိမ် ၄ လုံး၊ ပန်းတောရိုး အနောက်ကျေးရွာက နေအိမ် ၂ လုံး၊ ကြာဂရတ်ကျေးရွာက နေအိမ် ၁ လုံး၊ ကြိုးကြာချောင်ကြီးကျေးရွာက နေအိမ် ၄ လုံး၊ ကြိုးကြာချောင်လေးကျေးရွာက နေအိမ် ၆ လုံးနဲ့ ဘုရားကြီးကုန်းကျေးရွာ အလယ်တန်းကျောင်း အုတ်တံတိုင်း ပြိုကျပျက်စီးခဲ့တာပါ။
လေပြင်းတိုက်ခတ်ပြီး နေအိမ်တွေ ပြိုကျပျက်စီးသွားသူတွေဟာ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေ အိမ်မှာ ယာယီနေထိုင်ကြပြီး လေပြင်းတိုက်ခတ်လို့ လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးတာ မရှိကြောင်းလည်း သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေး ပြင်ဆင်မှု၊ ကယ်ဆယ်ရေး သရုပ်ပြလုပ်ငန်းတွေ ပြုလုပ်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ရေးသားဖော်ပြပါတယ်။
မကွေးတိုင်း၊ အောင်လံမြို့၊ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၅ ရွာမှာ မေ ၉ ရက် ညနေ ၅ နာရီလောက်က မိုးရွာပြီး လေပြင်းတိုက်ခဲ့လို့ နေအိမ် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ နယ်ခံတွေနဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “မိုးက အရမ်းမများဘူး၊ လေတိုက်တာတော့ ကြမ်းတယ်၊ ဓာတ်တိုင်တွေနဲ့ သစ်ပင်တွေ ကျိုးပြီး အိမ်ပေါ်တွေပိတာ၊ အခုထိတော့ ရှင်းလင်းရေးတွေ လုပ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
ပျက်စီးခဲ့တဲ့ လူနေအိမ်တွေကို မြို့ခံပရဟိတအဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြည်သူတွေနဲ့ပူးပေါင်းကာ မိမိနေအိမ်မှာပဲ နေထိုင်နိုင်ဖို့အတွက် ပြန်လည်တည်ဆောက်ပေးနေတယ်လို့ သိရပါတယ်။
မြို့ခံတဦးက “အိမ်တိုင်တွေ ကျိုးသွားတဲ့ အိမ်တချို့ကတော့ အဆင်မပြေကြဘူး။ ပြန်ဝယ်ဖို့ကလည်း အခုချိန် ငွေကြေးက အဆင်မပြေတော့ ကိုယ့်ဝိုင်းထဲမှာပဲ အဆင်ပြေသလို တဲထိုးနေကြရတာပေါ့။ အမိုးအကာလောက်ပဲ ပျက်စီးသွားတဲ့သူတွေက ရှိတဲ့ပစ္စည်းနဲ့ပဲ ပြန်ဖာထေးနေကြရတယ်” လို့ ပြောပါတယ်။
မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် အောင်လံမြို့ ဈေးကုန်းရပ်ကွက်၊ ရွှေသူဌေးကျေးရွာ၊ ရေဟိုင်းကျေးရွာ၊ စစ်အောင်ကျေးရွာတွေက ဘုန်းကြီးကျောင်းတကျောင်းနဲ့ နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ပါတယ်။
မတ် ၈ ရက်ကလည်း ပျော်ဘွယ်မြို့က ရွာ ၄ ရွာ လေပြင်းတိုက်ခတ်ခံရပြီး လူ ၁ ဦး၊ နွား ၂ ကောင်၊ ဆိတ် ၁၆ ကောင် သေဆုံးခဲ့ကာ နေအိမ် ၁၃ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။